သည်ဆိုင်မှာ အမ်အက်စ်ဂျီမသုံးပါ


ပြည်နယ်ငါးဆယ်ကျော် ရှိသော အမေရိကန်

နိုင်ငံမှာ ဘယ်နေရာကိုသွားသွား ထိုင်းဆိုင်၊ တရုတ်ဆိုင်၊ ဗီယက်နမ်ခေါက်ဆွဲဆိုင်နှင့် ဂျပန်ဆူရှီဆိုင်များက လက်ညှိုး ထိုးမလွဲ ရှိကြသည်။ လူနေကျဲပါး သောအမေရိကန် အနောက် အလယ်ပိုင်းက အိုဟိုင်းယိုးပြည် နယ်ရှိ မြို့ခပ်သေးသေးလေးများ တွင်တောင် တရုတ်စားသောက်ဆိုင် (သို့မဟုတ်) ထိုင်းစားသောက်ဆိုင်တစ်ခု အနည်းဆုံးရှိတတ် သည်။

ထိုင်းဆိုင်၊ တရုတ်ဆိုင်များဆိုသော်လည်း တကယ့်ထိုင်းအရသာ၊ တရုတ်အရသာအစစ်တော့ မဟုတ်။ အမေရိကန်တွေအကြိုက်မွမ်းမံထားသောထိုင်းစာ၊ တရုတ် စာတို့သာဖြစ်သည်။ ထိုဆိုင် တွေအားလုံးမှာ ရနိုင်သောစား စရာများအပြင် အမေရိကန်များ အကြိုက် ဆိုင်းဘုတ်တစ်ခုကိုပါ လူမြင်အောင်ချိတ်ဆွဲထားတတ် ကြသည်။ ‘‘သည်ဆိုင်မှာ အမ် အက်စ်ဂျီမသုံးပါ’’ဟူသည့်ဆိုင်း ဘုတ်ဖြစ်သည်။

အမ်အက်စ်ဂျီဆိုသည်မှာ မိုနိုဆိုဒီယမ်ဂလူတမိတ်ဖြစ်ပြီး မြန်မာလိုတော့ အချိုမှုန့်ဟုသိကြ သည်။ အာရှသားတွေ ဟင်းချက် ရာမှာသုံးသော အချိုမှုန့်ကို အမေ ရိကန်စားသုံးသူများက သိပ် ကြောက်ကြသည်။ ထို့ကြောင့် အာရှဆိုင်တွေမှာစားလျှင် အချို မှုန့်ပါ၊ မပါမေးပြီးမှစားလေ့ရှိ သဖြင့် အမေရိကန်က အာရှ စားသောက်ဆိုင်အတော်များများ က သူတို့ဆိုင်မှာ အချိုမှုန့်မသုံးပါ ဟု ဆိုင်းဘုတ်ဆွဲထားခြင်းဖြစ် သည်။

တကယ်တော့ အမေရိကန် မှာလည်း အချိုမှုန့်ကို တရားဝင် ရောင်းချကြသည်။ စပိန်စတိုး ဆိုင်၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယား အာရှဈေးဆိုင်များတွင်အမေရိကန်သို့ တရားဝင် ဝင် ရောက်လာသော အချိုမှုန့်အမျိုး မျိုးကို ရောင်းချကြသည်။ မြန်မာ တွေ အချိုမှုန့်သုံးသလို အာရှသား အတော်များများကလည်း အချို မှုန့်ကို ဟင်းချက်ရာ၌ သုံးကြ သည်။

အချိုမှုန့်ခေါ် အမ်အက်စ်ဂျီ ကို အိုင်ကီဒါဆိုသည့် ဂျပန် ဓာတု ဗေဒပညာရှင်က ၁၉၀၈ တွင်ပင်လယ်ရေမှော်ကနေ တီထွင်ခဲ့ ခြင်းဖြစ်သည်။ အချိုမှုန့်သည် အသားဓာတ်ကဲ့သို့အရသာရှိ သည်။ ဟင်းကို ဆားကဲ့သို့ လေး ပင်စေပြီး အချိုဓာတ်ရှိသည့် ဒြပ် မှုန့်တစ်မျိုးအဖြစ် သူကဖော်ထုတ် တီထွင်ခဲ့ခြင်းဖြစ်သည်။ သည်အမှုန့်က ဟင်းတွေကို အသားအများကြီးထည့်စရာမလို ဘဲ လေးပင်အရသာရှိစေသဖြင့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားဟင်းလျာများ၌ တွင်တွင်ကျယ်ကျယ် စသုံးကြ၏။ ယခုဆိုလျှင် ကမ္ဘာ ပေါ်တွင် အချိုမှုန့်သုံးစွဲနေသည် မှာ နှစ်တစ်ရာခန့်ရှိနေပြီဖြစ် သည်။

‘‘မြန်မာမှာတော့ မော်လမြိုင်ကနေ ၁၉၇၀ ဝန်းကျင် ယိုးဒယား မှောင်ခိုတွေ ခေတ်စကောင်းချိန် မှာမှ အချိုမှုန့်တွေပေါ်လာတာပဲ။ ကျွန်မတို့ငယ်ငယ်ကမရှိသေး ဘူး။ အဲဒီတုန်းကများ ဟင်းဆိုရင် ငါးနိုင်နိုင်၊ ပုစွန်နိုင်နိုင်ခတ်ပြီး ချိုကြတာပဲ’’ဟု အသက် (၆၀) အရွယ် ဖျာပုံမြို့နေ ဒေါ်သန်းဌေး ကပြောသည်။

အချိုမှုန့်၏အရသာဖြစ် သော အသားနံ့ပါသည့် ခပ်လေး လေးချိုချိုအရသာမျိုးကို မြန်မာ လူမျိုးများက ရှေးယခင်ကတည်း က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖန် တီးယူသည်။ အင်းဝခေတ် မြန်မာ စားတော်ကဲကျမ်းများတွင် ရေး သားချက်အရ ရှေးမြန်မာဟင်း များတွင် ဟင်းတော်တော်များများ ကို လေးပင်အောင် ငါးပိတစ်ခေါ် ငါးခုတ်သားငါးပိကောင်များကို ထည့်ချက်လေ့ရှိသည်။ ဥပမာ ဝက်သားဟင်းလေးချက်မှာ ယနေ့အချိုမှုန့်ထည့်ချက်ထား သောဝက်သားဟင်းလေးလို အရသာမျိုးရအောင် ငါးပိကောင် များကို ထည့်ချက်ကြသည်။ အချိုမှုန့်မပေါ်ခင်က အောက်အရပ်ရှိ မြန်မာတို့က ပုစွန်တွေ၊ ငါးတွေ ကို ဟင်းတွေမှာထည့်ပြီး အချိုဓာတ်ရအောင်ချက်ကြသည်။ ငါးပိသိပ် ရာကနေရသော ငါးငံပြာရည်ကို သုံးကြသည်။ ပုစွန်သေးသေး၊ ငါးသေးသေးများကို နေလှန်း အခြောက်ခံပြီး ပုစွန်မှုန့်၊ ငါးမှုန့်ထောင်းပြီးသုံးကြသည်။ အထက်အရပ်မှာတော့ ဘာဟင်းချက် ချက် မျှင်ငါးပိခေါ်စိမ်းစားငါးပိကို ဟင်းလေးအောင် ထည့်ချက်ကြ ၏။

‘‘အခုခေတ်မှာ အချိုမှုန့် အသုံးများလာတာက ဟိုတုန်းက လို သားငါးပုစွန်မပေါတာလည်း ပါတယ်။ ဟင်းမှာ အချိုဓာတ်ရဖို့ ပုစွန်ခတ်မယ်ဆိုရင် တစ်ဆယ် သားလောက်အနည်းဆုံးလိုမယ်။ ပုစွန်ကအရမ်းဈေးကြီးမယ်။ တွက်ခြေမကိုက်ဘူး။ အဲဒီအစား အချိုမှုန့်လေးတစ်စွန်းလောက် ခတ်တာက အရသာလည်းအတူ တူပဲ။ ဈေးကအများကြီးသက်သာ တယ်လေ’’ဟု ဒေါ်သန်းဌေးက ပြောသည်။

သူကိုယ်တိုင် ခရမ်းသီးနှပ် ကို ပုစွန်ခြောက်များများထည့်ပြီး နှပ်မည့်အစား အိမ်ဈေးဖိုးကိုက် အောင် ပုစွန်ခြောက်ပါလေကာ နှင့် အချိုမှုန့်သုံးပြီးနှပ်နေပြီဟု လည်းဆိုသည်။ အချိုမှုန့်များ သည် မော်လမြိုင်ကနေ မြန်မာ ပြည်အောက်ပိုင်းကို စတင်ဝင် လာခဲ့တာမှန်သော်လည်း အချို မှုန့်ကို အကြိုက်တွေ့ပြီး အင်နှင့် အားနှင့် ပိုပြီးသုံးစွဲသည်က သား ငါးပုစွန်ရှားသည့် မြန်မာပြည် အထက်ပိုင်းဒေသများဖြစ်ပါ သည်။ ငံပြာရည်ကောင်းကောင်းနှင့် ငါး၊ ပုစွန် ပေါပေါလောလော မသုံးနိုင်သော ထိုဒေသများ အတွက် အချိုမှုန့်က အတော် အသုံးဝင်လှသည်။ အထက် အညာမြို့များတွင် အသုပ်၊ မုန့်တီကဲ့သို့ စားစရာများ ရောင်းချသောဈေးသည်များမှာ ရန်ကုန်မြို့က ဈေးသည်များထက်စာလျှင် အချိုမှုန့်ကို အားရပါးရထည့်လေ့ရှိ သည်။

‘‘ရန်ကုန်မှာလည်း ဈေး သည်တွေက အချိုမှုန့်သုံးပါ တယ်။ ဒါပေမဲ့ သူတို့သုံးတာ အထက်ကဈေးသည်တွေကိုမမီ ဘူး။ အညာမှာဆိုရင် အသုပ် သည်က ဘေးမှာတရုတ်ကလာတဲ့ အချိုမှုန့်ပေါင်ထုပ်ကြီး အားပါး တရဘေးထားရောင်းတာ။ အသုပ်တစ်ပွဲဆိုရင် အချိုမှုန့်ကို တစ်ဇွန်းမောက်မောက်ကြီးထည့် ပစ်လိုက်တာ အားရပါးရပဲ’’ဟု ကလေးနယ်ဘက်မှ အမျိုးတွေဆီကနေ အလည်ပြန်လာသူ အသက်(၃၅)နှစ်အရွယ် မခိုင်ကပြော သည်။

ကလေးကဲ့သို့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများမှာတော့ အချိုမှုန့်က လူသုံးအများဆုံး ကုန် ပစ္စည်းတစ်ခုဖြစ်ပြီး ဟင်းချိုမှုန့်ဟု ခေါ်လေ့ရှိကြသည်။ ယခုနောက် ပိုင်း မြန်မာနိုင်ငံသို့ အဝင်များ လာသော အချိုမှုန့်များက တရုတ် ကဈေးပေါပေါ အချိုမှုန့်များဖြစ် သည်။ အချိုမှုန့်ချင်းအတူတူမှာ တောင် ဂျပန်အချိုမှုန့်က ဈေးကြီး သည်။ အမှုန့်သေးသေးဖြင့်ထုတ် လုပ်သည့် ရက်စွဲပါဝင်သော ဒြပ် စင်များကအစ သေသေသပ်သပ် ရှိ၏။ တရုတ်အချိုမှုန့်များကတော့ အဆန်ကြီးတွေကြီးလှပြီး ထောင်းပြီးထည့်မှသာ အဆင်ပြေသည်။ အသုပ်များမှာထည့်လျှင် အချိုမှုန့် ကြီးများက အတောင့်လိုက်ရှိနေ တတ်သည်။ ထို့အတူ အရည် အသွေးကလည်း ပို၍စိတ်မချစရာ ကောင်းလှပါ၏။

အချိုမှုန့်ပါသော စားစရာ များကို အမေရိကန်တွေက ကြောက်နေကြသော်လည်း တကယ်တမ်းမှာမူ အချိုမှုန့်သည် အမေရိကန်အက်ဖ်ဒီအေအစား အစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ က အခြေခံအားဖြင့်စား၍ဘေး ကင်းပါသည်ဟု တရားဝင်သတ် မှတ်ထားသော စားသောက်ကုန် ဖြစ်သည်။ သို့သော် သည်နေရာ မှာ အငြင်းပွားစရာ၊ ထောက်ပြ စရာလေးတွေတော့ရှိသည်။ အချိုမှုန့်ခေါ် အမ်အက်စ်ဂျီကို စားစရာတွေထဲမှာထည့်လျှင် အက်ဖ်ဒီအေက အစားအစာထဲမှာ ဘယ်လောက်ထည့်ထား ကြောင်း ရေးသားဖော်ပြရမည်ဟု အမိန့်ထုတ်ထားသည်။

သည်နှစ်များမှာ အမေရိ ကန်အက်ဖ်ဒီအေအနေဖြင့် အချို မှုန့်ပါသောစားစရာများ စားသုံး ရာကနေ အောက်ပါရောဂါလက္ခ ဏာများရရှိကြောင်း တိုင်တန်း ချက်များကိုရရှိခဲ့သည်ဟုဆို သည်။ အက်ဖ်ဒီအေကို တိုင် တန်းချက်များအရ အချိုမှုန့်စား သုံးရာမှတွေ့ရှိရသော ရောဂါ လက္ခဏာများမှာ−

- ခေါင်းကိုက်ခြင်း

- အရေပြားနီလာခြင်း၊ အကွက် ထခြင်း

- ချွေးထွက်ခြင်း

- မျက်နှာတင်းပြီး

မအီမသာဖြစ်ခြင်း

- မျက်နှာ၊ လည်ပင်းနှင့် အခြား ဧရိယာတွေမှာ ထုံသလိုကျဉ် သလို အပူလောင်သလိုဖြစ်လာ ခြင်း

- နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်း

- ရင်ဘတ်အောင့်ခြင်း

- ပျို့အန်ခြင်း

- အားနည်းခြင်းတို့ဖြစ်သည်။

သို့ရာတွင် သုတေသီအချို့ ကမူ ထိုကဲ့သို့ရောဂါလက္ခဏာ များမှာ ပမာဏများများစားသုံးမှု နှင့်လည်းဆိုင်သည်ဟုထောက်ပြ ပါသည်။ အချို့ရောဂါလက္ခဏာ များမှာ အနည်းအပါးသာဖြစ်ပြီး ဆေးကုစရာပင်မလိုပါ။ အချိုမှုန့် မပါသောစားစရာများကို မစားဘဲ နေရုံဖြင့် ကာကွယ်ပြီးသားဖြစ် သည်ဟု ဆေးပညာရှင်များက ပြောကြားသည်။ အချိုမှုန့်များ ပေါပေါများများစားနေကြသော မြန်မာနိုင်ငံတွင်လည်း ယခုအခါအချိုမှုန့်များကို စတင်ရှောင်ရှားမှုများပြုလာကြပြီး ကြက်သားမှုန့်များကို အစားထိုးသုံးစွဲလာကြသည်။ ကြက်သားမှုန့်များကို အသုံးတွင်ကျယ်လာပြီးဈေးကွက် ဝင်လာသည်။

အချိုမှုန့်ကိုရှောင်ချင်သဖြင့် ကြက်သားမှုန့်သုံးတာသင့်တော် သည်။ သို့သော် သည်နေရာတွင် သတိထားစရာတစ်ခုမှာ ကိုယ် သုံးစွဲမည့် ကြက်သားမှုန့်များတွင် လည်း အမ်အက်စ်စီဂျီခေါ် မိုနိုဆို ဒီယမ်ကလူတမိတ် ဘယ်လောက် ပမာဏ ပါဝင်သလဲဆိုတာကို အရင်ဆုံးစစ်ဆေးကြည့်ရန်လို သည်။ အဘယ်ကြောင့်ဆိုသော် ကြက်သားမှုန့်များတွင် အမ် အက်စ်ဂျီကို ထည့်သွင်းထုတ်လေ့ ရှိသည့်အတွက်ဖြစ်၏။ သို့မဟုတ် ပါက ကြက်သားမှုန့်သုံးခြင်းသည် အချိုမှုန့်သုံးတာနှင့် ထူးမခြားနား သာဖြစ်လိမ့်မည်။

7day daily
Previous
Next Post »
Powered by Blogger.