ရွှေမန်းသဘင်လို့ကြားလိုက်တာနဲ့ ဇာတ်သဘင်ကို ယနေ့တိုင် ချစ်ကြိုက်အားပေးနေကြတဲ့ ဇာတ်သဘင်ချစ်ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်မှာပါ။ ရွှေမန်းသဘင်ဟာဆိုရင် လက်ရှိရပ်တည်မှုအရ နှစ်ပေါင်း ၈၂ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်ပြောင်းလဲလာတာနဲ့အမျှ ပရိသတ်ကို တင်ဆက်တဲ့ ဇာတ်ရဲ့ အနှစ်သာရတွေကိုလဲ ပြောင်းလဲတင်ဆက်ဖြစ်တယ်လို့ ဆိုလာတဲ့ ရွှေမန်းရဲ့ မျိုးဆက် တင်မောင်ဆန်းမင်းဝင်းနဲ့ တွေ့ဆုံဖြစ်တဲ့အခါ
-ပထမဆုံး အနေနဲ့ ဗီဒီယိုဇာတ်ကားလေးမှာ ပါဝင်ရတဲ့ ကာရိုက်တာလေးကိုလဲ သိချင်ပါတယ်။
ဒီနေ့ရိုက်တဲ့ကားလေးက ပြုံးရွှင်ရေ ပျော်ရဲ့လားဆိုတဲ့ ရုပ်ရှင်ကားကြီးပေါ့။ ဒီကားလေးထဲမှာ အစ်ကိုက ဇာတ်မင်းသားတစ်ယောက်အနေနဲ့ ပါဝင်ရတယ်။ ကိုနေတိုးက လူရွှင်တော်ပေါ့။
-အရင်က ဇာတ်ကတာပဲ တွေ့ရတယ်။ ကားရိုက်တွေမှာ သိပ်မတွေ့ရဘူး။ ဒီကားလေးမှာ ပါဝင်ဖြစ်ခဲ့ပုံက။
ဦးဝင်းထွန်းထွန်း ရိုက်ခိုင်းတာပေါ့။ သူနဲ့ က သူ့တူလိုဖြစ်နေတဲ့အတွက် သူခိုင်းသမျှ အကုန်လုပ်မယ်ဆိုပြီး ၀င်ရိုက်ဖြစ်တာပါ။ ပြီးတော့ ဇာတ်ကို အခြေခံတဲ့ ကားဖြစ်တဲ့အတွက် ကိုယ်နဲ့လဲ အဆင်ပြေတယ်ဆိုပြီး ကိုယ့်ရုံမှာပဲ ရိုက်ဖြစ်တယ်။
-အစ်ကို့သားလေးလဲ ဇာတ်ဝင်ကတာတွေ့ရတယ်။ သူကရော ၀ါသနာကြီးတာပဲလား။
အင်းဟုတ်တယ်။ သူ့အသက်က ၂နှစ်နဲ့ ၉လပဲ ရှိသေးတယ်။ သူ့ကို သင်လဲ မသင်ထားဘူး။ သူ့ရဲ့ဝါသနာကိုက အဲ့ဒီလိုဖြစ်နေတာ။ မွေးကတည်းက ပါလာတဲ့ ဗီဇပေါ့။ အဲ့ဒါကြောင့်ကိုကသူ့ဗီဇပေါ်မူတည်ပြီး ပံ့ပိုးပေးသွား မှာပေါ့။ အခု လက်ရှိမှာတော့ သူကအရမ်းကို ၀ါသနာကြီးနေတယ်။ အဲ့ဒါကို မတားလဲ မတားချင်ဘူးဆိုတော့ သူ့ကို အကောင်အထည် ဖော်ပေးလိုက်တယ်။ ကသမျှ အကုန်လုံးက အစ်ကို့အတိုင်းပဲ။ သူ့ဆရာက အစ်ကိုလိုဖြစ်နေတယ်။ ကြီးလာမှ အသားကျမှာပေါ့။ သူ၁၀တန်းအောင်ပြီးတဲ့အခါလောက်ကျမှ သူ့ရဲ့ဒီဇာတ်နဲ့လိုက်ဖက်မှုရှိမရှိ၊ အသားကျမှု ရှိမရှိသိရမှာပါ။ သူ့ကို စောင့်ကြည့်ရဦးမှာပေါ့။
-အခုမကြာခင်မှာလဲ ဇာတ်ပွဲရာသီရောက်တော့ မယ်ဆိုတော့ ပွဲအနေနဲ့ဘယ်မြို့တွေမှာ သွားကဖို့ ရှိဦးမလဲ။
မန္တလေးနဲ့မြစ်ကြီးနားမှာကဖို့ရှိပါတယ်။
-အခုခေတ်ဇာတ်သဘင်လောကအပေါ် အစ်ကို့အမြင်လေး နည်းနည်းလောက်ပြောပြပေးပါဦး။
အခုခေတ်မှာ လူငယ်ပိုင်းက ဇာတ်ဆိုတာကို ဘာမှန်းမသိကြဘူး။ အဲ့ဒီတော့ အစ်ကိုတို့ ရှိတဲ့နေရာကို သူတို့လိုက်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီတော့ သူတို့ရှိတဲ့ နေရာကို အစ်ကိုတို့ကသွားပြီးဇာတ်ပွဲတွေလုပ်ပေးရမယ်။ ဒါလဲမြှင့်တင်ရေးတစ်ခုပဲ။ အစ်ကိုဇာတ်နဲ့ပတ်သက်ပြီး ကလေးတွေအကြိုက်ရော၊ လူကြီးအကြိုက်ရောကို မျှပြီးပြဖြစ်တယ်။ လမ်းဖောက်ခြင်းတစ်ခုပဲပေါ့။
-အရင်ကတော့ ဇာတ်မှဇာတ်ပဲ။ ဒါပေမဲ့အခုနောက်ပိုင်းမှာ ဖျော်ဖြေရေးနဲ့ပတ်သက်ပြီးမျိုးစုံ ပေါ်လာတဲ့အတွက် ဇာတ်အပေါ်မှာ လူအများရဲ့စိတ်ဝင်စားခြင်းတွေ လျော့နည်းလာတာကိုတွေ့ရတယ်။ အဲ့ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်မိပါသလဲ။
စိတ်မ၀င်စားတာမဟုတ်ဘူး။ စိတ်ဝင်စားမှုနည်းအောင် လုပ်တဲ့သူတွေအပေါ်မှာ မူတည်တယ်။ စိတ်ဝင်စားအောင် လုပ်တတ်ရင် လူတိုင်းက စိတ်ဝင်စားတယ်။ ကြိုက်တာနဲ့မကြိုက်တာပဲကွာမယ်။ အားလုံးကတော့ စိတ်ဝင်စားပြီး လာကြည့်ကြမှာပဲ။ ကိုယ့်အနုပညာပြောင်မြောက်ဖို့ အရေးကြီးတယ်။ ပရိသတ်များတာထက် ကိုယ့်အနုပညာပြောင်မြောက်မှုကိုပဲ အစ်ကိုကတော့ ဦးစားပေးတယ်။ မည်သူ့မည်သူမှတော့ မရည်ရွယ်ပါဘူး။ အစ်ကိုတို့ ဇာတ်သဘင်က ဘာလုပ်လုပ် အပြောခံရတယ်။ အမှားနဲ့မကင်းဘူး။ ကိုယ့်ရုံလူပြည့်ရင်ပြီးရော မဟုတ်ပဲ။ ကိုယ်ပြတဲ့အရာတွေအားလုံးက လူအများရဲ့ အားရကျေနပ်မှုရအောင် ဆွဲယူကြည့်ပါလို့အစ်ကိုကတော့ပြောချင်ပါတယ်။
-ရွှေမန်းဇာတ်သဘင်ရဲ့ သက်တမ်းကရော ဘယ်လောက်ရှိပြီလဲ။
၈၂ နှစ်ရှိပါပြီ။
-နှစ်ရှည်လများ ရပ်တည်နိုင်တာကရော ဘာကြောင့်လို့ထင်မိပါသလဲ။
ကွာလတီပေါ့။ ဘယ်အရာမဆိုပေါ့။ ကွာလတီထိန်းနိုင်ရင်နှစ်ရှည်ခံတယ်။ ဒီကွာလတီကိုပဲ လုပ်ခိုင်းတာ မဟုတ်ဘူး။ ရွှေမန်းမူကိုပဲ ကွာလတီမပျက်အောင် ထိန်းသိမ်းတဲ့အတွက်နှစ်ရှည်ခံတယ်ပဲ ထင်ပါတယ်။ နောက်အစ်ကိုတို့ကလဲ ဒါကို ၀ါသနာကြီးတဲ့အတွက် ဒါလေးကနှစ်ရှည်ခံနေတာပါ။
-ပြောင်းလဲလာတဲ့ ခေတ်အရ အစ်ကိုတို့ရွှေမန်းဇာတ်ရဲ့တင်ဆက်မှုတွေကိုရော ဘယ်လိုမျိုးလေးပြောင်းလဲဖြစ်လဲ။
ပြောင်းလဲမှုကလုပ်ပေးရတယ်။ ခေတ်ပြောင်းသလိုဇာတ်သဘင်ရဲ့တင်ဆက်မှုမှာလိုက်ပြီးပြောင်းလဲပေးရတယ်။ အရင်ကဇာတ်ဆိုတာ မိုက်မရှိတဲ့အတွက်အော်မှဇာတ်ဖြစ်တာ။ အခုကမိုက်ရှိလာပြီဖြစ်တဲ့ အတွက် ဇာတ်အသံတွေ နည်းနည်းပျောက်သွားသလိုဖြစ်လာတယ်။ အဲ့ဒါကြောင့်ပါ။ တတ်လွန်းအားကြီးလွန်းလို့ မဟုတ်ပါဘူး။ အစ်ကိုသိသလောက်လေးကိုပြောပြတာပါ။
-တချို့ကျတော့လဲ ဇာတ်သဘင်ကနေ အနုပညာလောကထဲကို ပြောင်းလာတာမျိုးတွေရှိကြတယ်။
ကောင်းပါတယ်။ ဒါလဲတိုးတက်မှုတစ်ရပ်ပဲ။ ပြောင်းလဲသွားတဲ့အခါ ရွှေ့သွားတာတော့ လွယ်ပါတယ်။ ပြန်လာဖို့ခက်တယ်။ ပြန်လာတဲ့အခါကျရင်ပေါက်မြောက်အောင်ပြန်လာရင်တစ်မျိုး၊ မဟုတ်ပဲ လုပ်စားရုံသက်သက်ပြန်လာရင်တော့ အဲ့ဒါကရေရှည်မခံနိုင်ပါဘူး။ ခဏတော့ရမှာပါ။ အကြာကြီးတော့ မခံပါဘူး။ ဖန်သားပြင်မှာမြင်ရတာ တစ်မျိုးအမြင်မှာမြင်ရတဲ့အခါ လူကဘယ်လောက်ကြည့်နိုင်မလဲ။ ကြာလာရင် ကိုယ့်အနုပညာမကောင်းလာတဲ့အခါ ဘယ်သူမှ မခံစားချင်ကြတော့ဘူးလေ။
-ဇာတ်သဘင်နဲ့ပတ်သက်ပြီး အသစ်အသစ်တွေ ပေါ်ထွက်လာတဲ့အပေါ် အစ်ကို့အမြင်လေးကိုလဲ ပြောပြပေးပါဦး။
အသစ်တွေအနေနဲ့လဲ တတ်လို့လုပ်စားတာဖြစ်စေချင်တယ်။ ဥပမာရလို့လုပ်စားတာမဖြစ်စေချင်ဘူး။ ရလို့လုပ်စားတာတွေလဲရှိတယ်။ စီးပွားရေးသမားရဲ့လှည့်ကွက်ကြောင့် ဇာတ်ထောင်တယ်။ ဇာတ်ကို ခုတုံးလုပ်ပြီး မင်းတို့ကချင်တာကဆိုပြီး ရုံပြည့်ရင်ပြီးရော အဲ့ဒါတွေလဲရှိတယ်။ အဲ့ဒါတွေကိုလဲရှောင်ရှားသင့်တယ်။ သူတို့ကပံ့ပိုးမှုပေးလာပြီဆိုရင်လဲသူတို့ပံ့ပိုးမှုကိုမူတည်ပြီး ဘသင်စစ်အောင်ကစေချင်တယ်။ သဘင်အစစ်ဆိုတာ ပါဝင်တဲ့ဖျော်ဖြေ တင်ဆက်မှုမှာ သဘင်ဆန်ပါစေ။ အ၀တ်အစားဝတ်တာကအစပေါ့။ အနောက်တိုင်းဆန်ပြီးသဘင်ကပါတာ နည်းရင် သဘင်လို့နာမည်မတပ်နဲ့။ အဲ့ဒီလိုလေးတော့ဖြစ်စေချင်ပါတယ်။
-ဇာတ်သဘင်ကို ယနေ့အထိ အားပေးလာတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်ပါသလဲ။
အစ်ကိုတို့ ရပ်တည်နေတာမြန်မာနိုင်ငံဖြစ်တဲ့အတွက်နိုင်ငံ့ရဲ့ ကိုယ်စားပြုတယ်လို့ အမည်ရပါတယ်။ ဇာတ်နဲ့ပတ်သက်ပြီး အစ်ကိုခံယူထားတာပေါ့။ ဇာတ်သဘင်ပညာဆိုတာ ဘုရားပွဲတွေရှိနေသရွေ့ရှိနေဦးမှာပါ။ ဒီဇာတ်သဘင်ကို အရင်ကထက်လဲစိတ်ဝင်စားမှုပိုစေချင်တယ်။ ကိုယ့်နိုင်ငံကို သူများတွေကြည့်ပြီးသိက္ခာမကျအောင်မြှင့်တင်ပေးစေချင်တယ်။ ဒီ့ထက်မကအားပေးပါလို့။ ပရိသတ်များမှအစ်ကိုတို့အားပေးလို့ရမှာကိုး။ မကြိုက်ရင်နေပါ။ စိတ်ဝင်တစားနဲ့ခဏတဖြုတ် လာအားပေးလှည့်ပါလို့၊ အစ်ကိုလဲ ၀င်ငွေတိုးသလို စားဝတ်နေရေးအတွက်လဲ အဆင်ပြေတယ်။ ပြီးတော့ ဖျော်ဖြေရတဲ့အခါမှာလဲ အားရှိပါတယ်လို့။
ခင်ဆွေသက် - Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon