မိဘတိုင်းဖတ်သင့်တဲ့ .... 5 မိနစ်စီ...


ဒီနေ့ စိမ်းလန်းစိုပြေမှာ နံနက်စာ စားရင်း သူတို့ကို တွေ့ခဲ့ပါတယ်..။ သူတို့ဆိုတာ..၅/၆ နှစ်ရှိမိန်းကလေး ငယ်လေးနှစ်ဦး ပါဝင်သော နိုင်ငံခြားသားမိသားစုနဲ့ သူတို့မိတ်ဆွေ မြန်မာလူမျိုးအချို့ပါ..။ ပန်းခြံထဲမှာ လွတ်လပ်စွာ ပျော်ရွှင်စွာ ရဲရဲတင်းတင်းကစားကြရင်း မောတော့ မုန့်လာစားကြပါသည်။

သူတို့အုပ်စုမှာ လူကြီး ၄ ယောက်၊ ကလေး ၂ ဦးပါတော့ ဆိုင်က (ကလေးနှစ်ဦးအတွက်) ထိုင်ခုံနှစ်လုံး ထပ်စီစဉ်ပေးပါတယ်..။အဲဒီမှာ ပြဿနာစပါသည်။ ကလေးနှစ်ဦးအတွက် စီစဉ်ပေးသည့် ထိုင်ခုံနှစ်လုံးမှာ ပုံစံ ခြင်းမတူပါ..။ ထိုင်ခုံတစ်လုံးမှာ အတန်ငယ်မြင့်ပြီး လက်တင်ပါသော ထိုင်ခုံလေးဖြစ်သည်။ တခြားတစ်လုံးမှာ ရိုးရိုးထိုင်ခုံလေးဖြစ်သည်။

လက်တင်ပါသော ထိုင်ခုံလေးကို အငယ်မလေးကထိုင်ပါသည်။ ထိုအခါမျက်မှန်လေးနှင့် အကြီးမလေးကလည်း ထိုထိုင်ခုံလေးကို သဘောကျပြီး ထိုင်ချင်ပါတော့သည်။ ဒါကြောင့် အကြီးမလေးက သူ့အမေကိုရှင်းပြပါသည်။ သူလည်းထိုထိုင်ခုံလေးကို သဘောကျရ်ျ ထိုင်ချင်ကြောင်း အေးဆေးစွာပြောပါသည်။ ထိုအခါ သူ့အမေမှ ဆိုင်မှတာဝန်ရှိသူကို ပုံစံတူထိုင်ခုံ နောက်တစ်လုံး စီစဉ်ပေးနိုင်မလားဟု မေးမြန်းပါသည်။ သို့သော် ထိုင်ခုံကမရှိတော့ပါ..။ 

ဒါကြောင့် အကြီးမလေးအား သူ့အမေမှ ထိုင်ခုံမှာ မရနိုင်တော့ကြောင်း သေချာရှင်းပြပါသည်။ အကယ်ရ်ျ ပိုမိုသေချာအောင် မင်းကိုယ်တိုင် ဆိုင်ထဲမှာ ပါတ်ရှာကြည့်သင့်ကြောင်း အကြံပြု ပြောပါသည်။ ထိုအခါ အကြီးမလေးသည် ဆိုင်ထဲရှိ အခြားစားသောက်ဝိုင်းများ အတွင်း ခုံရှာထွက်ပါသည်။ သို့သော် မတွေ့ရသဖြင့် ပြန်လာပြီး မတွေ့ကြောင်း၊ မရှိတာဟာ သေချာကြောင်း သူ့အမေနှင့် အခြားသူများကို ရှင်းပြပါသည်။ (စိတ်ပျက်သော၊ အလိုမကျသောကြောင့် မျက်နာပျက်ကာ ရှုံ့တွန့်နေခြင်းမရှိ)ပေ။

ထိုအချိန်တွင် လက်တင်ထိုင်ခုံလေးနှင့် ဇိမ်ကျနေသော အငယ်မလေးက သူ့အမ အကြီးမလေးကို ပြောပါသည်။ “မင်းလည်း ဒီထိုင်ခုံလေးကို သဘောကျပြီး ထိုင်ချင်နေရင် တစ်ယောက် 5 မိနစ်စီ ထိုင်ကြမယ်လေ” ဆိုပြီးပြောပါသည်။ ထိုအခါ သူ့အမေက “မင်းတို့ခြင်း သဘောတူရင် 5 မိနစ်စီ အချိန်မှတ်ပေးမည်”ဟု ပြောပါသည်။ အကြီးမလေးကလည်း သဘောတူ လက်ခံပါသည်။ ပြီးတော့ သူ့အမေထုပ်ပေးသော စာအုပ်ကို စာဖတ်ရင်းမုန့်စားကြပါသည်။ 5 မိနစ်ပြည့်တော့ အငယ်မလေးက သူ့အမအတွက် ထိုင်ခုံကဆင်းပေးပြီး သူ့အမေရင်ခွင်ထဲသွားထိုင်ကာ အင်းယားကန်ထဲမှ ငါးလေးတွေ အကြောင်းမေးနေပါသည်။ အကြီးမလေးက လက်တင်ထိုင်ခုံလေးပေါ်တက်ကာ စာဖတ်နေပါသည်။ ပြီးတော့ 5 မိနစ်စီ ချိန်းကာ..ချိန်းကာ..ပြောင်းကာ..ပြောင်းကာ..။

ဒီလိုဖြစ်မျိုးတွင် မြန်မာလူမျိုး ကလေးနှစ်ဦးကို အစားထိုးကြည့်မိသည်။ အကြီးမလေးက ထိုင်ခုံထိုင်ချင်ကြောင်းပူဇာလျှင် အမေကပြောလိမ့်မည်။”ငယ်တဲ့သူကို ဦးစားပေးလိုက်” ကလေးနဲ့လိုက်ပြိုင်နေတယ် ဆိုပြီး အဆူခံရလိမ့်မည်။ ထိုအခါ အကြီးမလေးသည် မျက်နာရှစ်ခေါက်ချိုး ဖြစ်လျက် ဆူပုတ်နေပြီး အငယ်မလေးကို ရန်ရှာတော့မည်။ ထိုအခါ အငယ်မလေးမှ အမေကို တိုင်ပြောမည်။ အမေမှ အကြီးမလေးအား ဆူပူလျက် နောက်တခါအပြင်ထွက်ရင်မခေါ်တော့ဘူး..နင် ကဂျီကဂျောင်အရမ်း လုပ်တယ်ဆိုပြီး.. စားပွဲထိုးအားလှမ်းခေါ်လိမ့်မည်။ 

စားပွဲထိုးအား မဖြစ်မနေ နောက်ထပ် လက်တင်ထိုင်ခုံယူခဲ့ဖို့ ခိုင်းလိမ့်မည်။ စားပွဲထိုးမှ ဆိုင်ထဲ ၀င်ရှာချင်ယောင်ဆောင်ပြီး ထိုင်ခုံမရှိတော့ကြောင်း ပြန်ပြောလိမ့်မည်။ ထိုအခါ အငယ်မလေးမှ ထိုင်ခုံမှာထိုင်ရင်း ထိုင်ခုံကို လုံးဝဖယ်မပေးနိုင်ကြောင်း အမေအား လှမ်းပြောရင်း မုန့်ကိုဆက်စားနေမည်။ ထိုအခါအကြီးမလေးသည် မုန့်မစားတော့ဘူး ဘာညာပြောလျက် ဆောင့်အောင့်လုပ်ကာ စိတ်ကောက်ပြီး ငိုတော့မည်။ ထိုအခါအမေသည် နှစ်ဦးစလုံးကို ဆူပူလျက်..”ဧည်သည်တွေရှေ့မှာ အရှက်ခွဲတယ် ဘာညာ”ပြောပြီး စားပွဲထိုးအားလှမ်းခေါ်ကာ အဆိုပါပြဿနာတက်နေသော လက်တင်ထိုင်ခုံအား ရိုးရိုးထိုင်ခုံနဲ့လဲပေးခိုင်းမည်။ 

သို့ကြောင့် အငယ်မလေးလဲနေရာဖယ်ရသောကြောင့် ငိုမည်။ စိတ်ကောက်မည်။ အကြီးမလေးကို ပြဿနာရှာတော့မည်။ နောက်တော့ ပန်းခြံထဲမှာ မုန့်ကောင်းကောင်း မစားရပဲ ပြဿနာတွေ တပွေ့တပိုက်နဲ့ အိမ်ကိုပြန်ကြရတော့မည်။ အိမ်ရောက်ရင် ဆက်လက်တိုက်ပွဲ ဆင်ကြတော့မည်။

ကျွန်တော့်အထင်ပါ..မှားနိုင်ပါသည်။ သို့သော် မြန်မာလူမျိုး ကလေးတွေကို အစားမသွင်းပဲ လူကြီးတွေအစားသွင်းကြည့်ရင်ရော..။ စိမ်းလန်းစိုပြေဆိုင်နှင့် အင်းယားကန်ဘောင်ဟာ စစ်တလင်း ဖြစ်သွားမလား.. ဆန္ဒဖေါ်ထုတ်ရာနေရာဖြစ်သွားမလား..။ ငယ်ငယ်ကတည်းက ညှိ့နှိုင်းအဖြေရှာ ပူးပေါင်းဆောင်ရွက်နိုင်သူတွေ မဟုတ်တော့ အသက်ကြီးမှ အတ္တတွေ တပွေ့တစ်ပိုက် ထွေးပိုက်လို့ ကြီးကြီးကျယ်ကျယ်တွေ ပြောရင်း ထိန်းမရသိမ်းမရတွေနဲ့ ရန်ဖြစ်နေတာ မဆန်းတော့ပါ…။

ဒါကြောင့် အားလုံးဟာ အတူတူပါပဲဗျာ..ကိုယ့်လူမျိုးအခြေအနေ စိတ်နေစိတ်ထား သဘောသဘာဝ ကို ငယ်ငယ်ကတည်းက အများကြီးပြုပြင်ဖို့ လိုလိမ့်မယ်ထင်တယ်..။ ကိုယ့်အကြောင်းကိုယ်သိကြပါ.။ သူသာတယ် ငါကောင်းတယ်နဲ့ ကိုယ်ရည်သွေးရင်း ဆရာကြီးတွေချည်းမလုပ်ကြပါနဲ့တော့..။ ဆရာကြီးတော့ ဆရာကြီးတွေ.. တိုင်းပြည်ကို ဒုက္ခပေးမယ့် “စိတ်ညစ်စရာကြီးတွေ”.. “ရွံစရာကြီးတွေ”တော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းလျက်..။

Credit: KLZ. 12.9.15
Previous
Next Post »
Powered by Blogger.