3D Touch ဟုခေါ်သော ထိတွေ့သိနည်းပညာသစ် အသုံးပြု iPhone အသစ်များကို Apple ကုမ္ပဏီ မိတ်ဆက်


အမေရိကန်အခြေစိုက် ကမ္ဘာကျော်နည်းပညာကုမ္ပဏီ Apple က 3D Touch ဟုခေါ်သော ထိတွေ့သိနည်းပညာသစ်အသုံးပြုထားသော iPhone အသစ်များများနှင့်အတူ မျက်နှာပြင် ၁၂ ဒသမ ၉ လက်ရှိ iPad Pro တက်လက်ဘက်အမျိုးအစားကို စက်တင်ဘာ ၉ ရက် ညပိုင်းက ဆန်ဖရန်စစ္စကိုမြို့တွင် မိတ်ဆက်ပြသခဲ့သည်။

အသစ်ထပ်မံမိတ်ဆက်လိုက်သည့် iPhone အမျိုးအစားများမှာ iPhone 6s နှင့် 6s Plus တို့ဖြစ်ပြီး ၄င်းတို့ အထူးပြုမိတ်ဆက်လိုက်သည့် 3D Touch ထိတွေ့သိနည်းပညာသစ်မှာ ဖုန်းအသုံးပြုနေစဉ် မတူညီသည့် စနစ်များကို အသုံးပြုနိုင်ရန် ဖုန်း၏မျက်နှာပြင်ကို ပိုမိုဖိပေးရမည်ဖြစ်သည်။

ထိုအချက်မှာ ထိတွေ့အာရုံခံစနစ်များနှင့် ပတ်သက်လျှင် နာမည်ကြီးသည့် Apple ၏ ယခုဖုန်းအမျိုးအစားများအတွက် အဆင့်အမြင့်ဆုံး ဖန်တီးလိုက်နိုင်သည့် နည်းပညာသစ်လည်း ဖြစ်သည်။

ထို့ပြင် 4K ရုပ်ထွက်ရှိသည့် ဗီဒီယိုဖိုင်များကို ရိုက်ကူးနိုင်စွမ်းရှိသော 12 Megapixel ရှိ ကင်မရာကို iPhone အသစ်များတွင် ထည့်သွင်းပေးထားသည့်အတွက် ခရီးသွားမှတ်တမ်း တင်လေ့ရှိသူများနှင့် ဂျာနယ်လစ်များအတွက် ဓာတ်ပုံများ၊ ဗီဒီုယိုဖိုင်များ ရိုက်ကူးရာတွင် ပိုမိုအဆင်ပြေစေမည် ဖြစ်သည်။

iOS 9 မိုဘိုင်းစက်လည်ပတ်မှုစနစ်သစ် ထည့်သွင်းထားသော အဆိုပါ iPhone များတွင် iPhone 6S မှာ မျက်နှာပြင်အရွယ်အစား ၄ ဒသမ ၇ လက်မဖြစ်ပြီး iPhone 6S Plus မှာ မျက်နှာပြင်အရွယ်အစား ၅ ဒသမ ၅ လက်မဖြစ်ကာ နှစ်မျိုးစလုံးတွင် 5 Megapixel ရှိ အရှေ့ဘက်ကင်မရာနှင့် 12 Megapixel ရှိ အနောက်ဘက် ကင်မရာတို့ ထည့်သွင်းထားသည်။

Apple မှ အသစ်မိတ်ဆက်လိုက်သည့် မျက်နှာပြင် ၁၂ ဒသမ ၉ လက်ရှိ iPad Pro တက်လက်ဘက်အမျိုးအစားမှာလည်း လက်ရှိတက်ဘလက်ဈေးကွက်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။ ၂၀၀၉ ခုနှစ်က အစပြုသည့် iPad တက်ဘလက်များထဲတွင် ယခုကဲ့သို့ မျက်နှာပြင်ကြီးမားသည့် အမျိုးအစားများ မပါဝင်ခဲ့ရာ ဈေးကွက်ကို ပုံစံအသစ် ဆွဲဆောင်လိုက်ခြင်းဟု သုံးသပ်ရမည်။

ကိုယ်ပိုင်ကိုယ်ရေးအရာရှိတစ်ယောက် ရှိနေသလို ထောက်ပံ့ပေးသော Siri အသံအမိန့်ပေးစနစ်အသုံးပြု Apple TV အမျိုးအစားသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပြီး စတိုင်ကျသည့် စမတ်လက်ပတ်နာရီအမျိုးအစားအသစ်များနှင့် အားကစားသမားတို့အတွက် သီးသန့် ဖန်တီးထားသော Sport Watch အသစ်များကိုလည်း မိတ်ဆက်ခဲ့သည်။

Apple အနေဖြင့် နှစ်စဉ်နှစ်တိုင်း ၄င်းတို့၏ ထုတ်ကုန်များကို စက်တင်လဆန်းပိုင်းတွင် ပြသလေ့ရှိပြီး အောင်တိုဘာလဆန်းတွင် ဈေးကွက်တင်လေ့ရှိရာ ယခုမိတ်ဆက်လိုက်သည့် iPhone များမှာ လာမည့် တစ်လကျော်ဝန်းကျင်တွင် ဈေးကွက်အတွင်း ရောက်ရှိလာတော့မည် ဖြစ်သည်။

Eleven Media Group | Photo; AFP
Previous
Next Post »
Powered by Blogger.