ဧရာဝတီမြစ်လယ်ရှိ ကျေးရွာများသို့ နှစ်ရက်အတွင်း ရေငါးပေခန့် ၀င်ရောက်လာကာ ရေဘေးလွတ်ရာသို့ လူနှင့် ကျွဲနွားများ မိမိတို့ အစီအစဉ်ဖြင့် ရွှေ့ပြောင်းနေရ









ဧရာဝတီမြစ်လယ်ရှိ ကျေးရွာများသို့ နှစ်ရက်အတွင်း ရေငါးပေခန့် ၀င်ရောက်ခဲ့ကာ ရေဘေးလွတ်ရာ နေရာများသို့ မိမိတို့ အစီအစဉ်ဖြင့်သာ ပြောင်းရွှေ့နေရကြောင်း ဒေသခံများက သြဂုတ် ၁ ရက်တွင် ပြောကြားသည်။

လက်ရှိအချိန်တွင် ပခုက္ကူမြို့အနီး ဧရာဝတီမြစ်သည် စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိလာသဖြင့် ဧရာဝတီမြစ်သည် မြစ်ခွဲများနှင့် မြစ်မများ ပေါင်းဆုံကာ အကျယ်အ၀န်းရေမိုင် ၂ မိုင်ခန့် ရှိလာခဲ့သည်။

စိုးရိမ်ရေမှတ် အနီးသို့ ရေများ မြင့်တက်လာခဲ့သဖြင့် ဧရာဝတီမြစ် အလယ်တွင် ကျရောက်နေသည့် ပခုက္ကူမြို့နယ်ရှိ ပခုက္ကူကျွန်းကျေးရွာ၊ ဘောလုံးခုံကျေးရွာ၊ ညောင်ဦးမြို့နယ်အတွင်းရှိ လက်ထုပ်ကုန်းကျေးရွာနှင့် အုတ်နှဲချောင်းကျေးရွာ၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် အတွင်းရှိ ကျွန်းကြီးကျေးရွာများတွင် ဇူလိုင် ၃၁ ရက်ခန့်မှ စတင်ကာ ရေများဝင်ရောက်လာခဲ့ပြီး သြဂုတ် ၁ ရက်တွင် ကျေးရွာများအတွင်း ရေ၀င်ရောက်မှုများ ပျံ့နှံ့ကာ ရွာအတွင်း ရေအနက် ၅ ပေခန့် ရှိလာခဲ့သည်။

ထိုသို့ ရေများဝင်ရောက်လာမှုကြောင့် ကျေးရွာများရှိ ခိုင်းနွားများ၊ ခိုင်းကျွဲများနှင့်၊ တိရိစာန်များကို ဘေးလွတ်ရာနေရာများ၊ နေအိမ်အတွင်း နွားထားရှိရန် မြေအမြင့် နွားခုံရှိသူများက နွားခုံများနှင့် နွားခုံမရှိသူများက နီးစပ်ရာ မြို့ရွာများသို့ မိမိတို့ အစီအစဉ်ဖြင့် ရွှေ့ပြောင်းနေရကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်က မိုးဆက်တိုက်ရွာတော့ လူတွေရော တိရိစ္ဆာန်တွေရော ဘယ်သူမှ ရွာထဲမှာ မနေရဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှုးကနေတဆင့် ကြေညာချက်ထုတ်တယ်။ ဘာမှတော့ အကူအညီ မလာဘူး။ ၃၁ ရက်နေ့က စ၀င်တဲ့ ရေက ဒီနေ့ တစ်ရွာလုံးမြုပ်ပြီး ၅ ပေလောက် တက်လာတယ်။” ဟု ကျွန်ကြီးကျေးရွာမှ ဦးစောထွန်းက ဆိုသည်။

ရေများ မြင့်တက်လာမှုကြောင့် ပခုက္ကူမြို့ အမှတ် ၁ ရပ်ကွက်ဘေးရှိ ဧရာဝတီမြစ်၏ မြေနုခုံ ရေလယ်ကျွန်းတွင် နေထိုင်သည့် လယ်သမားမိသားစုများမှာလည်း ဇူလိုင်လကုန်ပိုင်းမှစကာ ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ဧရာဝတီမြစ်လယ်တွင် နေထိုင်သည့် ကျေးရွာများအတွင်း ရေများဝင်ရောက်မှြုေုကာင့် ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းနေရသကဲ့သို့ ပခုက္ကူမြို့၏ အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် အမှတ် ၁ ရပ်ကွက်၊ အမှတ် ၉ ရပ်ကွက်၊ အမှတ် ၁၅ ရပ်ကွက် အစရှိသည့် ရပ်ကွက်များသို့ ရေများဝင်ရောက်လာနေသည်။

ထိုသို့ ၀င်ရောက်လာမှုကြောင့် မြစ်ဘေးရှိ အနိမ့်ပိုင်း ရပ်ကွက်များတွင် နေထိုင်သူများသည် အမှတ် ၁ ရပ်ကွက် မြို့ဦးကျောင်းဘေး၊ ရွှေချောင်းတံတားဘေးနှင့် နီးစပ်ရာလမ်းများ ဘုရားစေတီများ အနီးတွင် ရွှေ့ပြောင်းနေထိုင်နေရကြောင်း ဒေသခံများက ပြောကြားသည်။

“ဒီလောက်ကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ ရာသီဥတုက ဆိုးနေတာရော တစ်နိုင်ငံလုံး ရေလျှံနေတာရောကြောင့် ဒါ့ထက် အခြေအနေ ဆိုးလာရင်တော့ ရပ်ကွက်ထဲက လူတွေပါ ဘေးလွတ်ရာ အမြင့်ပိုင်းတွေ ပြောင်းပြေးရမယ်” ဟု အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ရေဘေးသင့် စိုးရိမ်ရသည့် အရေးပေါ် အခြေအနေတွင် မကွေးတိုင်းဒေသကြီးအား ထည့်သွင်းကြေညာထားသော်လည်း ပခုက္ကူမြို့တွင်မူ မည်သည့် ကြိုတင်ကာကွယ်မှုမျှ ရှိမနေသေးကြောင်း ရေဘေးသင့် ပြည်သူများထံမှ သိရသည်။

‪#‎SupportMyanmar‬
Eleven Eleven Media Group
Previous
Next Post »
Powered by Blogger.