ဘုရားတရား ပိုလုပ်ဖြစ်လာတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်က ကောင်းတဲ့အလုပ်တွေကိုပဲ လုပ်ဖို့စိတ်ကူးဖြစ်နေ


အသက်အရွယ် ရလာတာနဲ့အမျှ အရင်ကလို လူငယ်ဆန်ပြီး အရမ်းဟော့တဲ့ အကျင့်စရိုက်တွေ တော်တော်များများကို ပြုပြင်ပြောင်းလဲလိုက်တဲ့ မင်းသမီးကတော့ သင်ဇာဝင့်ကျော်ပါ။ သူမဟာအရင်လို ပျော်ရွှင်မှုကို အချိန်ပေးတာထက် အကျိုးရှိတဲ့ ပရဟိတလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်လာတာမျိုးတွေ ရှိလာသလို ကောင်းတဲ့အလုပ်တွေကို ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာကိုပဲ အချိန်ယူတွေးနေဖြစ်တယ်လို့ပြောပြလာတာကြောင့် ပရဟိတနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေအပြင် သူမရဲ့လက်ရှိ အနုပညာလှုပ်ရှားမှုများအကြောင်းကို မေးမြန်းကြည့်တဲ့အခါ

-အခုရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

ကားနာမည်က သေချာမပြောသေးဘူး။ ပြောင်းဦးမယ်လို့ပြောတယ်။ ဇာတ်လေးလေးကတော့ အရမ်းချစ်လို့ လက်ထပ်ပြီးမှ ကွဲသွားကြတယ်။ ကွဲသွားပြီး ကောင်မလေးက အိမ်ရှာလို့မရသေးလို့ သူ့ယောကျာ်းနဲ့တစ်အိမ်ထဲမှာ အတူတူနေရင်း ပြန်ညှိသွားကြတဲ့ ဇာတ်လေးပေါ့။ ကွာရှင်းပြီးမှ ကောင်လေးက ပြန်လက်ထပ်ခွင့်တောင်းတယ်။ ပြီးတော့ ပြန်လက်ထပ်ကြတဲ့ ဇာတ်လေးပါ။

-ဒါပြီးရင် ဘာကားတွေ လက်ခံထားတာရှိသေးလဲ။

ဒါပြီးရင်သင်ဇာ တစ်ကားစာလောက် နားမယ်။ နားပြီးရင် သင်ဇာ အောင်ရဲလင်းနဲ့ပဲ တစ်ကားပြန်ဝင်မယ်။ ဗီဒီယိုပဲ။ ဒါရိုက်တာက ညွှန့်မြန်မာညီညီအောင်နဲ့ပါ။ အဲ့ဒါပြီးရင်တော့ သင်ဇာ သြစတေးလျက မြို့နှစ်မြို့မှာ တစ်လကြာ ဖျော်ဖြေရေးသွားမယ်။ သင်ဇာအပြင် ဒီးဒီရယ်၊ မခင်လေးရယ် ပါပါမယ်။ ဒီခရီးက သင်ဇာပြည်ပမှာ သီချင်းသွားဆိုတာ ၃ခါမြောက်ပေါ့။ ဟိုးအရင်တုန်းက သင်ဇာ မလေးရှားမှာ သွားဆိုဖူးတယ်။ နောက်ကိုရီးယားမှာ တစ်ခါသွားဆိုတယ်။ ခုသြစတေးလျပေါ့။ တစ်လကြာမယ်။ လည်ရင်းပတ်ရင်းနဲ့ဖျော်ဖြေရေးပါ။

-ရေဘေးသင့်ပြည်သူတွေအတွက်လဲ ကူညီဆောင်ရွက်ပေးနေတာတွေ့ရတယ်။ အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လဲသိချင်ပါတယ်။

နာရေးကူညီမှုအသင်းမှာလဲ ငွေလှူတယ်။ လူကိုယ်တိုင်လိုက်ဖို့ကို သွားတဲ့နေရာတွေက ခက်ခဲတဲ့အတွက် ယောကျာ်းလေးတွေပဲ ခေါ်သွားကြတယ်။ အဲ့ဒါကြောင့် သင်ဇာမလိုက်ဖြစ်ဘူး။ ပထမတစ်ခါရေဘေး အတွက် ၃သိန်းလှူဖြစ်တယ်။ ခုဒီညသွားမှာက တိရစ္ဆာန်တွေအတွက်နွားစာကြီးပဲ သင်ဇာ ၁၀အိတ် လှူထားတယ်။ ကျန်တာကတော့ ကြုံတဲ့နေရာမှာ အလှူခံသမျှ သင်ဇာထည့်တယ်။ နောက်ပြီး လူကိုယ်တိုင်လဲ အလှူငွေကောက်ခံပေးဖြစ်တယ်။ သင်ဇာ ဟားခါးနဲ့ကလေးကို လူကိုယ်တိုင် လိုက်သွားဖြစ်တယ်။ မနေ့ကတော့ တိုက်ကြီးပေါ့။ ကျေးရွာ၂ရွာမှာ သွားလှူတာလိုက်သွားဖြစ်တယ်။

-အနုပညာရှင်တစ်ယောက်အနေနဲ့ လူကိုယ်တိုင်သွားရောက်အားပေးစကားပြောတဲ့အခါ ဘယ်လိုခံစားရလဲ။

သူတို့မျက်နှာလေးတွေမြင်ပြီးတော့ အားပေးချင်တယ်။ သူတို့တွေလဲ တစ်ကယ်ကို စိတ်ဓာတ်တွေကျပြီး စိတ်အားငယ်နေကြမှာပဲ။ ကိုယ်အားရင် အားသလို ကိုယ်နဲ့ကြုံကြိုက်ရင်အားပေးဖြစ်တယ်။ သူတို့တွေက ကိုယ်တွေကိုမြင်ရင်ကိုကျေနပ်နေကြတယ်။ အဲ့ဒါကြောင့် လူကိုယ်တိုင်သွားရောက်အားပေးဖြစ်တာပါ။

-ရေကျသွားတဲ့အချိန်မှာ ပြန်လည်ထူထောင်ရေးအတွက်လဲ အချို့က ပြင်ဆင်နေကြပြီဆိုတော့ သင်ဇာကိုယ်တိုင်ရော အဲ့ဒီအပိုင်းမှာ ပါဝင်လှုပ်ရှားပေးဖြစ်မလား။

သင်ဇာကို ကမ်းလှမ်းရင်တော့ လုပ်ပေးဖြစ်မှာပါ။ ကိုယ်ကိုတိုင် စလုပ်ဖို့ကျတော့လဲ သိပ်မသိဘူးလေ။ ပူးပေါင်းပါဝင်ဖို့ကမ်းလှမ်းလာမယ်ဆိုရင်တော့ သင်ဇာပါဝင်ဖြစ်မှာပါ။

-မြန်မာပြည်သူပြည်သားတွေကြုံတွေ့နေရတဲ့ ရေဘေးနဲ့ပတ်သက်ပြီး သင်ဇာ့ရဲ့စိတ်ခံစားချက်လေးကိုလဲပြောပြပေးပါဦး။

ဒါကလဲ ကပ်ဆိုက်တယ်လို့ပြောရမှာပေါ့။ အခုရန်ကုန်မှာ တောင်ရေကြီးတော့မယ်ဆိုပြီး သတင်းကထွက်နေတယ်။ ဘယ်လိုဖြစ်မလဲဆိုတာလဲ မသိဘူး။ ရန်ကုန်မှာလဲ အလှူခံတာ ကပ်ဆိုက်တယ်။ နေရာတိုင်းမှာ အလှူခံတာခံရတယ်။ လှူပြီးပြီပြောလဲ မရဘူး။ တချို့လူတွေကလဲ ညည်းတဲ့သူတွေလဲ ရှိတယ်။ ဒါပေမဲ့လဲ ကူညီတဲ့သူတွေကလဲ စေတနာသန့်သန့်နဲ့ကူညီကြတာပါ။ အားလုံးကို အားမငယ်ကြဖို့၊ စိတ်မညစ်ကြဖို့နဲ့ အဖော်တွေ ရှိပါတယ်။ နောက်အနုပညာရှင်တွေကလဲ တစ်တပ်တစ်အား ပါဝင်ပြီးအလှူငွေတွေကောက်ခံပေးနေတယ်။ လှူလဲ လှူဒါန်းပေးနေပါတယ်။

-ပရဟိတနဲ့ပတ်သက်တဲ့ နေရာတော်တော်များများမှာ သင်ဇာ့ကိုတွေ့လာရသလို နာရေးကူညီမှုအသင်းမှာလဲ ပါဝင်ကူညီပေးနေတာကို တွေ့လာရတယ်။ ဘယ်လိုစိတ်ခံစားချက်တွေကြောင့်များလဲ။

သင်ဇာကူညီပေးချင်တယ်။ အဲ့ဒီစိတ်ကလဲ သူ့အလိုလိုဖြစ်လာတာ။ သူများကို ကူညီပေးချင်တဲ့စိတ်၊ ကောင်းမှု ကုသိုလ်လုပ်ချင်တဲ့ စိတ်ကလေးတွေက သူ့အလိုလိုဖြစ်လာတာ။ နောက်ဘုရားတရားလဲ အခုနောက်ပိုင်း ပိုလုပ်ဖြစ်လာတယ်ဆိုတော့ ဒီဟာတွေကြောင့်လဲ စိတ်က အမြဲကြည်လင်ပြီးကောင်းတာကို ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကိုပဲ တွေးနေမိပါတယ်။

-ရေဘေးသင့်ပြည်သူတွေကိုလဲ အားပေးစကားလေးပြောပေးပါဦး။

ရေဘေးသင့်ပြည်သူ အားလုံးပဲ စိတ်မညစ်ကြပါနဲ့။ စိတ်ဓာတ်မကျကြပါနဲ့။ စိတ်မညစ်ကြပါနဲ့လို့ကူညီဖို့အတွက် အနုပညာရှင်တွေကကြိုးစားနေကြပါတယ် ။ Miss တွေရော၊ သဘင်ပညာရှင်တွေရော၊ ဂီတပညာရှင်တွေရော၊ သရုပ်ဆောင်ဖက်က လူတွေရောအားလုံးက အဖက်ဖက်က ၀ိုင်းဝန်းကူညီပေးနေကြပါတယ်။ အလှူငွေကောက်ခံပေးကြတယ်။ နေရာတိုင်းကိုလဲ လူစုပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီပေးနေကြတယ်။ ပရိသတ်တွေကြောင့် ကိုယ်တွေ ဒီအလုပ်လုပ်နေရတာ။ ပရိသတ်တွေက ကိုယ်တွေရဲ့ကျေးဇူးရှင်ဆိုလဲ မမှားပါဘူး။ အဲ့ဒီအတွက်ကြောင့် သူတို့အတွက် လုပ်ပေးရမှာကိုယ်တွေရဲ့တာဝန်ပါ။ ရေဘေးမှမဟုတ်ဘူး။ ရန်သူမျိုးငါးပါးဘေးက လွတ်ကင်းပြီး စိတ်ချမ်းသာအပူပင်ကင်းစွာနဲ့အမြန်ဆုံးနေရပါစေလို့ဆုတောင်းပေးပါတယ်။

ခင်ဆွေသက် - Trend Myanmar
Previous
Next Post »
Powered by Blogger.