ထိုင်းနိုင်ငံမှာရှိတဲ့ ငွေဖြည့်တယ်လီဖုန်း ဆင်းမ်ကတ် မှတ်ပုံတင်ရေး အစီအစဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က သတ်မှတ်ရက်ကုန်ဆုံးသွားပြီဖြစ်ပေမယ့် ကျန်ရှိနေသေးတဲ့ နံပါတ်တွေ မှတ်ပုံတင်နိုင်ဖို့ ထိုင်းအစိုးရက နောက်ထပ်တလ သက်တမ်းတိုးပေးလိုက်တယ်လို့ ဘန်ကောက်ဘစ်စနစ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ ငွေဖြည့်ကတ်နံပါတ် သန်းပေါင်း ၉၀ ရှိပြီး ၆၅ ဒသမ ၅ သန်း မှတ်ပုံတင်ပြီးဖြစ်ကာ ၁၇ ဒဿ မ ၇ သန်းကျော် ကျန်ရှိနေကြောင်း၊ အဲဒီနံပါတ်တွေအနေနဲ့ ဒီလကုန် (သြဂုတ်လ ၃၁ ရက်)နေ့ နောက်ဆုံးထားပြီး လာရောက်မှတ်ပုံတင်ဖို့ ထိုင်းအမျိုးသားရုပ်သံနဲ့ တယ်လီဖုန်း ဆက်သွယ်ရေးဦးစီးဌာန အထွေထွေအတွင်းရေးမှူး နိုင်းထာကွန်း တန်ထဆစ်က ပြောပါတယ်။
ဇူလိုင်လကုန်အထိ မှတ်ပုံလာမတင်တဲ့ ဆင်းမ်ကတ်နံပါတ်တွေဟာ လောလောဆယ် အ၀င်ဖုန်း ကို လက်ခံလို့ရနေပြီး ဖုန်းဆက်လို့တော့ မရတော့ပါဘူး။
သြဂုတ်လကုန်ထိ လာပြီးမှတ်ပုံမတင်ဘူးဆိုရင်တော့ ကွန်နက်ရှင်အားလုံးဖြတ်တောက်မှာဖြစ်ပြီး အ၀င်ဖုန်း၊ အထွက်ဖုန်းရာ အင်တာနက်ပါ သုံးလို့ရတော့မှာ မဟုတ်ဘူးလို့ နိုင်းထာကွန်းက ဆက်ပြောပါတယ်။
အဆိုပါ မှတ်ပုံလာမတင်သေးတဲ့ ဆင်းမ်ကတ်နံပါတ်တွေမှာ AIS ၀မ်းတူးကောလ် ကုမ္ပဏီမှ ၉ ဒသမ ၂ သန်း၊ DTAC ဒီးထက်မှ ၅ ဒသမ ၅ သန်း၊ Trumove ထရူးမုဖ်မှ ၃ သန်းရှိတယ်လို့ ဆိုပါတယ်။
လာပြီး မှတ်ပုံမတင်ရတဲ့အကြောင်းရင်းမှာ တချို့လူတွေက စင်းမ်ကတ် တခုထက်ပိုပြီးရှိတာ၊ ရှိလျှက်နဲ့ အသုံးမပြုတာ၊ ပျောက်ဆုံးသွားတာတွေ ဖြဖ်နိုင်တယ်လို့ နိုင်းထာကွန်းက ပြောပါတယ်။
ဖုန်းဆင်းမ်ကတ် မှတ်ပုံတင်လိုသူတွေအနေနဲ့ မိမိရဲ့ သက်သေအထောက်အထားနဲ့အတူ သက်ဆိုင်ရာ တယ်လီဖုံးစင်တာ ဒါမှမဟုတ် ကုမ္ပဏီဆိုင်ခွဲရှိ ကုန်တိုက်တွေ၊ ဘဏ်တိုက်တွေနဲ့ ဆဲဗဲန်းအီလဲဗင်း ဆိုင်တွေမှာ သွားရောက်မှတ်ပုံတင်နိုင်ပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon