မြန်မာ့ကုန်သွယ်မှု ဖွံ့ဖြိုးရေး ယူရိုငွေ ၁၀ သန်း အီးယူ ကူညီမည်


မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အတွက် အီးယူ ဥရောပသမဂ္ဂက ယူရိုငွေ ၁၀ သန်း ကူညီသွားမယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

၂ဝ၁၅ မှ ၂ဝ၁၇ ခုအထိ ၃ နှစ်ကြာ စီမံကိန်းအတွက် အီးယူက ယူရို ၁၀ သန်းအပြင် ဂျာမနီိနိုင်ငံက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဂျာမန်လူမှုအဖွဲ့အစည်း (ဂျီအိုင်ဇက်) ကလည်း ယူရိုငွေ ၅ သိန်းပေးဖို့ လျာထားတယ်လို့ ဆိုပါတယ်။

ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှာ ကုန်သွယ်မှု မူဝါဒနဲ့ ပုဂ္ဂလိက ဖွံ့ဖြိုးမှုဆိုင်ရာကဏ္ဍ၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနဲ့ အကောက်ခွန်ကဏ္ဍ၊ အစားအသောက် ဘေးကင်းလုံခြုံမှုနဲ့ အပင်၊ လူ၊ တိရစ္ဆာန်တို့ ပိုးမွှားကင်းစင် ကျန်းမာသန့်ရှင်းမှုကဏ္ဍ၊ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးရေးကဏ္ဍ ၄ ခု ပါဝင်ပါတယ်။

အစီအစဉ် ပထမအဆင့်အနေနဲ့ အစိုးရဝန်ထမ်းတွေကို စွမ်းရည်မြှင့်တင်မှုသင်တန်းတွေ ပို့ချမှာဖြစ်ပြီး နောက်မှာ တောင်သူလယ်သမားတွေ၊ ကုန်စည်အဝယ်ဒိုင်တွေ၊ ကုန်စည် တင်ပို့သူတွေပါ စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး ပို့ချပေးဖို့ရှိပါတယ်။

စီမံကိန်းကို မတ်လပိုင်းကတည်းက အစပျိုး စတင်လုပ်ဆောင်နေပြီး ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အဓိက အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

DVB
Previous
Next Post »
Powered by Blogger.