Elite ခရီးသည်ယာဉ် တိမ်းမှောက်မှု တဦး ထပ်မံ သေဆုံး


ရန်ကုန်မြို့မှ ပြင်ဦးလွင်မြို့သို့ မောင်းနှင်လာသည့် Elite Express ယာဉ် တိမ်းမှောက်မှုကြောင့် ဆေးရုံတင် ကုသမှု ခံယူနေရသည့် သူများထဲမှ လူနာတဦးမှာ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ထပ်မံ သေဆုံးသွားခဲ့ ကြောင်း Elite ခရီးသွား ကုမ္ပဏီက အတည်ပြု ပြောကြားသည်။

ရန်ကုန်မှ မောင်းနှင်လာသည့် Elite ခရီးသည် တင်ယာဉ်သည် မေလ ၃၁ ရက် နံနက် ၃ နာရီခွဲခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင်အမှတ် ၃၅၇ တံတားဦးအဝိုင်းသို့ အရောက်တွင် ယင်းအဝိုင်းကို ပွတ်တိုက်မိ၍ ကားတပတ်လည် တိမ်းမှောက်ရခြင်း ဖြစ်ကြောင်း နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး နေဝင်းက ဧရာဝတီသို့ ပြောသည်။

ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ခရီးသည် ၃၅ ဦးအနက် ခရီးသည် ၅ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကျန်ထိခိုက် ဒဏ်ရာရရှိသည့် ခရီးသည်များအား မန္တလေး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အသက် ၁၇ နှစ် အရွယ် ကိုအောင်ကိုကိုမှာ အထူးကြပ်မတ် ကုသနေစဉ်အတွင်း ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း ၂ နာရီ ခန့်က သေဆုံးသွားခြင်း ဖြစ်ကြောင်း Elite ခရီးသွား ကုမ္ပဏီမှ Sale and Marketing Manager ဒေါ်ဝင်းသီတာက ဧရာဝတီသို့ ပြောကြားသည်။

ဒေါ်ဝင်းသီတာက “အခု လက်ရှိ ဆေးရုံတက် ကုသနေတာ လူနာ ၆ ဦး ကျန်ရှိနေပါသေးတယ်။ သူတို့ အခြေအနေကတော့ စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ပါဘူး။ နောက်ပြီး မန္တလေး ပြည်သူ့ ဆေးရုံမှာ တက်ရောက် ကုသနေတဲ့ လူနာ ဦးနေဝင်းနဲ့ ကိုကျော်လင်းထွန်းတို့ နှစ်ဦးကတော့ သူတို့ရဲ့ သဘောဆန္ဒအရ ဒီနေ့ ညနေပိုင်းက Air Bagan လေကြောင်းနဲ့ ရန်ကုန်ကို လာနိုင်ဖို့ ကျမတို့တွေ ကူညီခဲ့ပါတယ်” ဟု ပြောသည်။

ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုနှင့် ပတ်သက်သည့် ဖြစ်စဉ် အသေးစိတ်ကို မပြောကြားနိုင်သေးသလို၊ ယာဉ်မောင်းလာသည့် မိုင်နှုန်းကိုလည်း မပြောနိုင်ကြောင်း ရဲမှူးကြီး နေဝင်းက ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဦးကျော်စိုးအား စကားအင်းရဲစခန်းမှ ယာဉ် (ပ)၉/ ၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၃၇/ ၃၃၈/ ၃၀၄ (က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Elite ခရီးသွားကုမ္ပဏီက ဒေါ်ဝင်းသီတာက ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရခြင်းမှာ တဘက်မှ ဆိုက်ကယ် အနက်ရောင် တစီး တံတားဦးအဝိုင်း ပြောင်းပြန် မောင်းနှင်လာမှုကို တိမ်းရှောင်ရာမှ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊ Elite ခရီးသွား ယာဉ်များသည် သတ်မှတ်ထားသည့် အမြန်နှုန်း တနာရီ မိုင် ၁၀၀ နှုန်းသာ မောင်းခွင့်ပေးထားကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

ယင်းဖြစ်စဉ်ကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများကို Elite ကုမ္ပဏီမှ နစ်နာကြေး ပေးရန် စီစဉ်နေပြီး ခရီးသွား အာမခံကြေး ရရှိရန်လည်း ဆောင်ရွက်နေကြောင်း သိရှိရသည်။

ဧရာဝတီ
Previous
Next Post »
Powered by Blogger.