အိမ်ရာမဲ့ ကလေးငယ်တွေကို ပြုစု စောင့်ရှောက်ပေးနေတဲ့ ဇနီးမောင်နှံ


တရုတ်နိုင်ငံ၊ ရှန်ဇီဒေသရှိ ကျေးရွာ တစ်ရွာမှာ နေထိုင်တဲ့ ဇနီးမောင်နှံ နှစ်ဦးဟာ မသန်စွမ်း ဖြစ်နေတဲ့ အိမ်ရာမဲ့ ကလေးငယ်တွေကို ၁၉၈၉ ကတည်းက ပြုစု စောင့်ရှောက် လာခဲ့တာ ယနေ့တိုင် အထိ ဖြစ်ပါတယ်။ ချန်နဲ့ ဂွါအိုတို့ဟာ စွန့်ပစ် ခံထားရတဲ့ မသန်စွမ်း ကလေးငယ်တွေကို ပြုစု စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေခြင်း ဖြစ်ပါတယ်။

ဒီလို ပြုလုပ်ရာမှာ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြဿနာ ဖြစ်ခဲ့သလို ပတ်ဝန်းကျင်ရဲ့ ဝေဖန် တိုက်ခိုက်မှု တွေကိုလည်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ ဇနီးမောင်နှံဟာ ဘာကိုမျှ ဂရုမစိုက်ဘဲ ကလေးငယ်တွေကို အကောင်းဆုံး ပြုစု စောင့်ရှောက် ခဲ့ပါတယ်။

ချန်နဲ့ ဂွါအိုတို့မှာ ကလေးသုံးဦး ရှိပါတယ်။ ပြီးခဲ့တဲ့ (၂၆) နှစ်တာ ကာလ အတွင်းမှာ ကလေးငယ် အများအပြားကို ပြုစု စောင့်ရှောက်မှု ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက် (၆၀) နှစ်အရွယ် ကိုယ်စီ ရှိနေပြီ ဖြစ်ပေမယ့် ပြုစု စောင့်ရှောက်မှုတွေကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

ဇနီးဖြစ်သူ ဂွါအိုဟာ ကလေးငယ်တွေကို ကိုယ်ဖိရင်ဖိ ပြုစုနိုင်ဖို့ သူလက်ရှိ လုပ်နေတဲ့ အလုပ်ကို ထွက်ခဲ့ ရပါတယ်။ နောက်ပိုင်းမှာ အစိုးရ တာဝန် ရှိသူတွေ ကလည်း ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်။ အစောပိုင်းမှာတော့ တစ်လ ကို (၂၄) ဒေါ်လာ ထောက်ပံ့ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တစ်လကို (၁၆၁) ဒေါ်လာ ထောက်ပံ့ခဲ့ပါတယ်။ ကလေးငယ် တစ်ဦး အတွက် ရရှိတဲ့ ငွေဖြစ်ပြီး ပြုစု စောင့်ရှောက်မှု ပေးရာမှာ အထောက်အကူများစွာ ဖြစ်စေခဲ့ပါတယ်။

သူတို့ ဇနီးမောင်နှံဟာ ကလေးငယ်တွေကို စောင့်ရှောက်နိုင်ဖို့ ကြီးမားတဲ့ အိမ်တစ်အိမ်ကို ၀ယ်ယူခဲ့ပါတယ်။ ဒေသခံတွေနဲ့ အဆင်မပြေ ဖြစ်နေမှုတွေကိုလည်း ဖြေရှင်းနိုင်ခဲ့ပါတယ်။ မသန်စွမ်း ကလေးငယ်တွေထဲက ငါးဦးကို ပြန်လည် ကျန်းမာ သန်စွမ်းလာအောင် ပြုစု စောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ ဒေသဆိုင်ရာ လူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စောင့်ရှောက်မှု လုပ်ငန်းတွေကို စနစ်တကျ ပြုလုပ်နေတယ်လို့ သိရပါတယ်။

messenger
Previous
Next Post »
Powered by Blogger.