တောင်ကိုရီးယားတွင် အမေရိကန် သံအမတ်ကို ဓားဖြင့် တိုက်ခိုက်မှု ဖြစ်ပွား


တောင်ကိုရီးယားတွင် မိန့်ခွန်းတစ်ရပ် ပြောကြားနေစဉ် အမေရိကန် သံအမတ် မာ့ခ်လစ်ပတ်ကို အမျိုးသား တစ်ဦးက ရန်ပြု တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်ရပ်တွင် အမေရိကန် သံအမတ် အနေဖြင့် မျက်နှာတွင် သွေးထွက်သံယို ဒဏ်ရာ ရရှိခဲ့သော် လည်း ဆိုးလ်မြို့၊ ဆေးရုံတစ်ရုံတွင် ကုသမှု ခံယူပြီးနောက် အခြေအနေ တည်ငြိမ်နေပြီဟု ဆိုသည်။

မတ်လ ၅ ရက် နံနက်အစောပိုင်းတွင် ဓားဖြင့် ရမ်းကား တိုက်ခိုက်ခံရမှုကြောင့် လစ်ပတ်၏ ညာဘက်ပါး တွင် (၁၀)လက်မခန့် အရှည်ရှိ ပြတ်ရှဒဏ်ရာ ရရှိသွားခဲ့သည်။ ၎င်းကို တိုက်ခိုက်သူသည် အသက်(၅၅)နှစ် အရွယ်ရှိ ကင်ကီဂျွန် ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

တောင်ကိုရီးယား မီဒီယာများက ကင်သည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးပေါင်းစစ်ရေးလေ့ ကျင့်မှု အစီအစဉ်များကို ဆန့်ကျင်သူဖြစ်ပြီး ယင်းအတွက် လစ်ပတ်ကို ယခုလို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ကင်၏ တိုက်ခိုက်မှုနှင့် ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကို စစ်ဆေးနေဆဲသာ ဖြစ်ကြောင်း ဆိုသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တောင်ကိုရီးယား-အမေရိကန် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ယခုသီတင်းပတ် အစောပိုင်းတွင် စတင်ခဲ့ရာ နှစ်ဖက်စစ်သည် သုံးသောင်းခန့် ပါဝင်ခဲ့ကြသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ကန့်ကွက်နေပြီး ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်နေသည်။

ဆီဂျောင် ယဉ်ကျေးမှု ဌာနတွင် လစ်ပတ်က မိန့်ခွန်းတစ်ရပ် ပြောကြားနေချိန်တွင် ဓားကိုင်ထားသည့် အမျိုးသား တစ်ဦးက အတင်းအဓမ္မ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဟု မျက်မြင်များက ဆိုသည်။ အနီးအနား တွင် ရှိနေသူတစ်ဦး ရိုက်ကူးထားသည့် ဗီဒီယိုထဲ၌ အသက်(၄၂)နှစ်အရွယ် လစ်ပတ်ကို ရဲများက ချက်ချင်း ခေါ်ထုတ်သွားသည်ကို တွေ့ရသည်။

အမေရိကန် ပြည်ထောင်စုက ယခုတိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန် သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟာ့ဖ်က “ဒီလို စည်းလွတ် ဝါးလွတ် ရမ်းကားမှုကို ကျွန်မတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ လောလောဆယ် သံအမတ်ဟာ တောင်ကိုရီးယား ဆေးရုံတစ်ခုမှ ကုသမှု ခံယူထားပါတယ်။ သူ့ဒဏ်ရာက အသက်အန္တရာယ် စိုးရိမ် ရလောက်တဲ့ထိတော့ မဖြစ်ပါဘူး”ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟီးကလည်း ယင်းဖြစ်ရပ်ကို ဝေဖန်သွားခဲ့သည်။ “ဒီဖြစ်ရပ်က အမေရိ ကန် သံအမတ်ကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်လိုက်ရုံတင် မကဘူး၊ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ မဟာမိတ်အဖြစ် လက်တွဲမှုကိုပါ တိုက်ခိုက်ခဲ့တာပဲ။ ဒါကို လုံးဝ သည်းညည်းမခံနိုင်ဘူး”ဟု ဆိုသည်။ သူမက ယင်းဖြစ်ရပ်ကို အလေးအနက် စုံစမ်း အရေးယူမှု ပြုလုပ်သွားမည်ဟုလည်း ကတိပေးခဲ့သည်။

လစ်ပတ်သည် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားနှင့် ကာလရှည်ကြာ ခင်မင်ရင်းနှီးခဲ့သည့် မိတ်ဆွေ တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် အမတ်တစ်ဦးအဖြစ် အိုဘားမား နိုင်ငံရေး နယ်ပယ်တွင် လှုပ်ရှားနေစဉ် ကတည်းက အတွင်းစည်း ပုဂ္ဂိုလ်တစ်ဦးအဖြစ် အထောက်အပံ့ ပေးခဲ့သည်။

ယခုဖြစ်ရပ်ကို ကြားသိပြီးနောက် အိုဘားမားသည် လစ်ပတ်ထံ ဖုန်းခေါ်ပြီး ဒဏ်ရာအမြန်ဆုံး သက်သာ လာစေရန် ဆန္ဒပြု ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။

7day
Previous
Next Post »
Powered by Blogger.