မိမိတို့၏ တိုက်လေယာဉ်မှူး အသက်ရှင်လျက် ရှိနေသေးကြောင်း ခိုင်မာသည့် အထောက်အထား မပြသမ ချင်း အစ္စလာမ်မစ် နိုင်ငံတော် (IS) တပ်ဖွဲ့က တောင်းဆိုသည့် ဓားစာခံလဲလှယ်ရေး ကိစ္စကို စဉ်းစားမည် မဟုတ်ဟု ဂျော်ဒန်စစ်တပ်က ပြောကြားလိုက်သည်။
အမေရိကန် ဦးဆောင်သည့် ပူးပေါင်း လေတပ်နှင့်အတူ IS တပ်ဖွဲ့များကို ဗုံးကြဲ တိုက်ခိုက်စဉ် ဂျော်ဒန် လေ ယာဉ်မှူး မက်ဇ်အယ်လ် ကာဆက်ဘာ၏ F-16 တိုက်လေယာဉ်သည် ဒီဇင်ဘာ ၂၄ ရက်က ဆီးရီးယား၌ ပျက်ကျပြီး ၎င်းကို အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ တပ်များက ဖမ်းဆီးထားခဲ့သည်။
IS တပ်ဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသည့် ဂျပန်သတင်းထောက် ကန်ဂျီဂါတိုကို အကြမ်းဖက်သမား အမျိုးသမီး ဆာဂျီဒါ အယ်လ် ရီရှာဝီနှင့် အလဲအလှယ် ပြုလုပ်လိုကြောင်း တောင်းဆိုခဲ့ပြီး ယင်းကိစ္စ မဖြစ်မြောက်ပါက ကာဆက်ဘာကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။
ဂျပန်အစိုးရသည် ဂါတိုလွတ်မြောက်ရေးအတွက် ဂျော်ဒန် အစိုးရကို ဖိအားပေး တောင်းဆိုလျက်ရှိပြီး IS အဖွဲ့က သတ်မှတ်ထားသည့် အချိန်ကာလသည် ယခုအခါ ကျော်လွန်သွားပြီ ဖြစ်သည်။ ဂျော်ဒန် စစ်တပ်က IS တပ်ဖွဲ့အနေဖြင့် မိမိတို့၏ လေယာဉ်မှူး ကာဆက်ဘာ သက်ရှိထင်ရှား ရှိသေးသည် ဆိုခြင်းကို ခိုင်ခိုင်မာ မာ အထောက်အထား ပြသမှသာ ကျန်သည့်ကိစ္စကို စဉ်းစားမည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ လေယာဉ်မှူး ကာဆက်ဘာဟာ ဘေးကင်းလုံခြုံစွာ ရှိနေဆဲဖြစ်ကြောင်း အတည်ပြုနိုင်ဖို့ ဘာသတင်းအချက်အလက်မှ မရသေးဘူး”ဟု ဂျော်ဒန်စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ မမ်ဒိုအယ်လ် အေ မာရီက AFPသို့ ပြောကြားခဲ့သည်။ IS တပ်ဖွဲ့က လွှတ်ပေးရန် တောင်းဆိုနေသည့် ရီရှာဝီသည် ၂၀၀၅ ခုနှစ်က အမ်မန်မြို့ရှိ ဟိုတယ်သုံးခုတွင် ဗုံးပေါက်ကွဲပြီး လူပေါင်း(၆၀) သေဆုံးခဲ့သည့် ဖြစ်ရပ်တွင် အဓိက တရားခံတစ်ဦး ဖြစ်သည်။
ကာဆက်ဘာ၏ ဖခင်ကလည်း “အခုအချိန်ထိတော့ ကျွန်တော်တို့ သားရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး ဘာမှ မသိရသေးဘူး။ ဘုရားသခင်က သူ့ကို ကျွန်တော်တို့နဲ့ ပြန်ပေါင်းဆုံဖို့ ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ဖွင့်ဟခဲ့သည်။ IS တပ်ဖွဲ့သည် ဇန်နဝါရီ ၂၉ ရက် ညပိုင်းတွင် တူရကီနှင့် နယ်ခြားဒေသအနီး၌ ဂါတိုနှင့် ရီရှာဝီကို လဲလှယ်ရန် အဆိုပြုထားသော်လည်း နောက်တစ်နေ့ နံနက်အထိ တစ်စုံတစ်ရာ သဘောတူညီမှု မရခဲ့ချေ။ အဆိုပါ လဲလှယ်မှုတွင် ကာဆက်ဘာကိုပါ လွှတ်ပေးရန် IS အဖွဲ့ဘက်က အစီအစဉ် ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးဟု သတင်းများက ဖော်ပြထားသည်။
7day
Sign up here with your email
ConversionConversion EmoticonEmoticon