အလုပ်ကို အလုပ်နဲ့တူအောင် အချိန်မှန်မှန် ပြန်ကြိုးစားနေပါတယ်လို့ဆိုတဲ့ ထွန်းထွန်း


ပရိသတ်တွေချစ်တဲ့ Examplez က ထွန်းထွန်းဟာ သရုပ်ဆောင်နယ်ပယ်မှာရော ဂီတလောကမှာပါ ခဏတာ ပျောက်ကွယ်သွားခဲ့ပေမယ့် ခုနောက်ပိုင်း ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးနေပြီမို့ သူနဲ့တွေ့ဆုံခိုက် မေးဖြစ်ခဲ့သမျှတွေကတော့ "ကျွန်တော် လတ်တလောမှာတော့ ကျွန်တော့်ရဲ့စူပါစတား MTV ထွက်ရှိဖို့ပြင်ဆင်နေပါပြီ။ နောက်ပြီး မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်နေပါတယ်။

စူပါစတားMTV ကိုအောက်တိုဘာလ ဒါမှမဟုတ် ဒီနှစ်မကုန်ခင်လောက်တော့ အမြန်ဆုံး ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ မှော်ကျောက်စာ ရုပ်ရှင်ကားကြီးမှာတော့ ကျွန်တော်က ဇာတ်ပို့ပါ။ ကျွန်တော့်ကို ဇာတ်ပို့တစ်ယောက် လုပ်ပေးဖို့ လာကမ်းလှမ်း တယ်လို့ထင်ပါတယ်။ ကျွန်တော် ကိုယ်တိုင် အကောင်းဆုံးပြင်ဆင်ပြီးတော့ အလုပ်ကို အလုပ်နဲ့တူအောင် အချိန်မှန်မှန်လုပ်နေတယ်။

ပြီးတော့ ရိုက်ပြချင်တဲ့ကားတွေပြန်လည် ရိုက်ပြခွင့်ရမယ်လို့ ထင်ပါတယ်။ဘာဖြစ်လို့ ဇာတ်ပို့ဖြစ်သွား လဲဆိုရင် အဓိက ကျွန်တော်ပြောချင်တာက အရင်က ကျွန်တော်ကရိုက်ကွင်း ရှုတင်ကိုလာရင် အမြဲတမ်းနောက်ကျတတ်ပါတယ်။ အချိန်ကိုမလေးစားခဲ့ဘူး။ အဲဒါတွေလည်းပါ ပါတယ်။ ပြီးတော့အခုချိန် ကျွန်တော့်အနေနဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရခဲ့တာလည်းဖြစ်တယ်။

ပြီးတော့ ကျွန်တော့်အနေနဲ့လည်း အခုချိန်မှာ အရာရာကိုအကောင်းဆုံးဖြစ်အောင် လုပ်နိုင်ရမယ်ဆိုပြီး အရင်ကလိုမျိုး အချိန်မလေးစားတာမျိုးတွေလည်း မလုပ်ချင်တော့ဘူးလေ။ ဒီတော့ ဒါကျွန်တော့် အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ရသလိုပါပဲ ဆိုတော့ ဒီမှော်ကျောက်စာကားရိုက်ဖြစ်သွားတာပါ။

နောက်ပိုင်းမှာ ကျွန်တော်ဂီတထက် သရုပ်ဆောင်ဘက်ကို ပိုပြီးသေချာလေးအာရုံစိုက်ပြီးတော့ လုပ်သွားချင်ပါတယ်။ ဂီတဘက်မှာ သိပ်ပြီး မလှုပ်ရှားဖြစ်တော့ပေမယ့် တေးသီချင်း ဂီတမျိုးစုံကိုနားထောင်ဖြစ်ပါတယ်။ စာအုပ်တွေ ဖတ်ဖြစ်တယ်။ လေ့လာတယ်။ စာအုပ်ထဲက တစ်ချို့စာသားတွေ ကျွန်တော်သဘောကျရင် မှတ်ထားတတ်ပါတယ်။ သီချင်းရေးတဲ့ အခါမှာ စာသားရှာရလွယ်သွားတာပေါ့။

ကျွန်တော့်ရဲ့လက်ရှိ အချစ်ရေးအခြေအနေကတော့ သာသာယာယာပါပဲ။ အိမ်ထောင်ပြုဖို့ကတော့ တစ်နှစ်၊ နှစ်နှစ်လောက်လိုပါသေးတယ်။ ကျွန်တော့်ရဲ့အိမ်ထောင်ဘက်မိန်းကလေး ကဘယ်သူ ဘယ်ဝါဖြစ်တယ် ဆိုတာကို ကျွန်တော်သေချာမပြောချင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ ဖူးစာဆိုတာပြောလို့မရသေးလို့ပါပဲ။ အခု ဒီတစ်ယောက်နဲ့ကြိုက်ပေမယ့် ကိုယ်အိမ်ထောင်ပြု လိုက်တာက တစ်ယောက်ဖြစ်နေတာမျိုးတွေလည်း အများကြီးရှိတယ်လေ။ အဲဒီတော့ ဘာကိုမှ ကြိုမပြောချင်သေးပါဘူး။ မသေချာမှာကြောက်လို့ပါ"လို့ သူက ပြောပြသွားပါတယ်။

စန္ဒီ | Trend Myanmar

Previous
Next Post »
Powered by Blogger.