လစ်ဗျားနိုင်ငံ ထရီပိုလြီမို့ရှိ အမေရိကန် သံရုံးအနီးတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် အမေရိကန်နိုင်ငံသည် သံရုံးကို ခေတ္တပိတ်လိုက်ကာ သံရုံးဝန်ထမ်းများအား အိမ်နီးချင်း တူနီးရှား သို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု ဇူလိုင် ၂၇ရက်က ဗွီအိုအေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“လစ်ဗျား လက်နက်ကိုင် တပ်ဖွဲ့များအကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်ဖြစ်ပွားနေသဖြင့်” အမေရိကန် သံရုံး၏ လုပ်ငန်းများကို ဆိုင်းငံ့ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုခဲ့သည်။
လစ်ဗျားရှိ အမေရိကန် နိုင်ငံသားများ အနေဖြင့်လည်း လစ်ဗျားမှ ချက်ခြင်း ထွက်ခွာသွားကြရန် အမေရိကန် အာဏာပိုင်များက ဇူလိုင် ၂၆ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက် တစ်စောင်ထဲတွင် အကြံပြုထားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက လစ်ဗျားနိုင်ငံ၏ မြို့တော်တွင် “ဥပဒေမဲ့ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများ” ဖြစ်ပွားနေကြောင်း ဆိုခဲ့သည်။ ထရီပိုလီမြို့ရှိ အကြမ်းဖက်တိုက်ခိုက်မှုများ သည် အမေရိကန် သံရုံးကို ပစ်မှတ်ထားခြင်းမျိုး ရှိမနေသော်လည်း အမေရိကန် အမှုထမ်းများအတွက် အန္တရာယ်ရှိနိုင်သဖြင့် သံရုံး ဝန်ထမ်းများကို တူနီးရှားသို့ ကုန်းကြောင်းခရီးဖြင့် ပြောင်းရွှေ့ပို့ဆောင်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုခဲ့သည်။
ထိုမှနေ၍ ဝန်ထမ်းများသည် အခြားနေရာများသို့ ပြောင်းရွှေ့ကြမည်ဖြစ်ကာ မတည်ငြိမ်မှုများ လျှော့ကျ သွားရေးအတွက် ဆက်လက် ကြိုးပမ်းကြမည် ဖြစ်သည်။
“လစ်ဗျားမှာ သံတမန်ရေး လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း ကြိုးပမ်းခဲ့ကြသလို ဆက်ပြီးတော့လည်း ကြိုးပမ်းသွားမှာပါ” ဟု ဇူလိုင် ၂၆ရက်က ပါရီမြို့တွင် ဂျွန်ကယ်ရီက အခြား သံတမန်များနှင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကိစ္စ တွေ့ဆုံဆွေးနွေးခဲ့စဉ်တွင် မီဒီယာများကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ သံတမန်ဟာ ဗြိတိန် သံတမန် နဲ့ အခြား သံတမန်တွေနဲ့ ဆက်ပြီး ဆွေးနွေးသွားမှာပါ။ လစ်ဗျာတွေ အားလုံးအနေနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့နဲ့ အကြမ်းဖက်မှုတွေ ကို ရှောင်လွှဲနိုင်ရေးအတွက် အတူတကွ လုပ်ဆောင်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းလိုက်ပါတယ်” ဟု ဆိုခဲ့သည်။
mizzima
Sign up here with your email
ConversionConversion EmoticonEmoticon