အကြမ်းဖက်သမား၏ iPhoneကို Hackနိုင်ရန် ဒေါ်လာ ၁ သန်းကျော် FBI ပေးချေခဲ့ရ

FBI ညွှန်ကြားရေးမှူး ဂျိမ်းစ်ကိုမေ။
အမေရိကန် ထောက်လှမ်းရေးဌာန FBI အနေဖြင့် ဆန်ဘာဒါဒီနို အကြမ်းဖက်သမား၏ iPhoneမှ လုံခြုံရေးစနစ်ကို ထိုးဖောက်နိုင်ရန်အတွက် နည်းပညာကုမ္ပဏီတစ်ခုသို့ ဒေါ်လာ ၁ သန်းကျော် ပေးချေခဲ့ရကြောင်း သိရသည်။

ဆန်ဘာနာဒီနိုတွင် ဖြစ်ပွားခဲ့သည့် ရမ်းကားပစ်ခတ်မှု အဓိကတရားခံ ဆာယတ်ဒ် ဖာရွတ်ခ်၏ iPhone မှ အချက်အလက်များကို ရယူနိုင်ရန် FBIက Apple ထံမှ အကူအညီ တောင်းခံခဲ့သော်လည်း ဖောက်သည်များ၏ ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် အားမပေးနိုင်ကြောင်း Apple ဘက်က ငြင်းဆိုခဲ့သည်။ အဆိုပါကိစ္စသည် တရားရေး အားပြိုင်မှုအသွင်ကိုပါ ဆောင်လာသော်လည်း နောက်ပိုင်းတွင် FBI က ပြင်ပအကူအညီယူကာ iPhone ကို ဖွင့်လှစ်နိုင်ခဲ့သည်။

ယခုအခါ FBI ညွှန်ကြားရေးမှူး ဂျိမ်းစ်ကိုမေက မိမိတို့သည် ယင်းပြင်ပအကူအညီအတွက် ဒေါ်လာ ၁ သန်းကျော် ကျခံသုံးစွဲခဲ့ရကြောင်း အတည်ပြုခဲ့သည်။ နည်းပညာပိုင်း အကူအညီအတွက် ငွေကြေးမည်မျှ သုံးစွဲခဲ့ရကြောင်း သတင်းထောက်များက မေးမြန်းသည့်အခါ ကိုမေက “အများကြီးပဲ။ စဉ်းစားကြည့်ရအောင်။ ကျွန်တော် ဒီအလုပ် လုပ်နေတာ ၇ နှစ်နဲ့ ၄ လရှိပြီ။ FBI ဒါရိုက်တာ တစ်ယောက်ရဲ့ တစ်နှစ်လုပ်ခက ဒေါ်လာ ၁၈၁၅၀၀ လောက်ရှိတယ်။ ကျွန်တော်ရဖူးသမျှ လုပ်ခစုစုပေါင်း ပမာဏလောက်ကို ပေးခဲ့ရတယ်”ဟု ဖြေကြားခဲ့သည်။ ၎င်း၏ စကားအရ ဒေါ်လာ ၁၃၃၁၀၀၀ မျှကို FBIက ပေးချေခဲ့ရသည့် သဘော သက်ရောက်လာသည်။

ယခုလ အစောပိုင်းက FBIသည် iPhone ကို Hack နိုင်ရန်အတွက် ကုမ္ပဏီတစ်ခုထံမှ နည်းပညာအထောက်အကူ ဝယ်ယူမှု ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ သို့သော်လည်း ကုမ္ပဏီ၏ အမည်ကို ထုတ်ဖော် ကြေညာရန်မူ ငြင်းဆိုခဲ့သည်။

Appleက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ iPhone များ၏ လုံခြုံရေးကို ပိုမိုမြှင့်တင်ရန်အတွက် FBIက Hack ပြုလုပ်နည်း အချက်အလက်များ မျှဝေပေးရန် မျှော်လင့်ကြောင်း ပြောကြားထားသည်။

Ref: CNN
7day
Previous
Next Post »
Powered by Blogger.