အရှုံးများနှင့် ရင်ဆိုင်နေရသည့် ကမ္ဘာကျော်ဖျော်ဖြေပွဲများ


ကမ္ဘာကျော် အဆိုတော်တစ်ဦး ပါဝင်ဖျော်ဖြေသည့် စင်မြင့်ဒီဇိုင်းကို LED Display များဖြင့် ခမ်းခမ်းနားနား ပုံဖော်ထားကာ ရောင်စုံမီးဆလိုက် များကလည်း ဖွင့်ထားသည့် ဒီဂျေစည်းချက်နှင့် အညီ လှုပ်ရှားနေသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာက ပြုလုပ်ခဲ့သော ကမ္ဘာကျော် အဆိုတော် Redfoo ပါဝင်ဖျော်ဖြေသည့် ဖျော်ဖြေပွဲ၌ ဖြစ်သည်။

အဆိုတော်၊ တီးဝိုင်းအပြင်အဆင် အားလုံး အဆင်သင့် ဖြစ်နေသော်လည်း ပွဲစတင်ချိန် ရောက်သည့်တိုင် ဖျော်ဖြေပွဲ မစနိုင်သေး။ အကြောင်းမှာ တစ်ခုံလျှင် ကျပ်ငါးသိန်းဖြင့် ရောင်းချသည့် စင်မြင့် ရှေ့တန်းတွင် လူမရှိသေး
သောကြောင့် ဖြစ်သည်။ ငါးသိန်းနောက်မှ ခုံတန်းတွေမှာလည်း ပရိသတ်က ကျိုးတိုးကျဲတဲ။

ငါးသိန်းတန် ခုံတန်းများသို့ နောက်မှ ပရိသတ်များအား ရွှေ့ပေးရင်း ဖျော်ဖြေပွဲကို တစ်နာရီလောက် နောက်ကျပြီးမှ စနိုင်သည်။


လူအဝင်နည်းခဲ့သော ကမ္ဘာကျော် Redfoo အဖွဲ့ ဖျော်ဖြေနေစဉ်။
ဓာတ်ပုံ − ငြိမ်းချမ်း

Redfoo ကို ကြိုက်သော်လည်း လက်မှတ်ဈေးနှုန်းများ မြင့်မားနေသောကြောင့် မကြည့်နိုင်ခြင်း ဖြစ်သည်ဟု ယင်းဖျော်ဖြေပွဲကို ကြည့်လိုသည့် ပရိသတ်အချို့က လူမှုကွန်ရက်စာမျက်နှာ၌ ရင်ဖွင့်ထားကြသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံတွင် ပြု လုပ်သည့် ကမ္ဘာကျော် အဆိုတော်များ၏ ဖျော်ဖြေပွဲများ မအောင်မြင်သည်မှာ Redfoo ၏ ဖျော်ဖြေပွဲ တစ်ခုတည်းသာ မဟုတ်။ လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင်၍ ကမ္ဘာကျော် အဆိုတော်များ ပါဝင်သော ဖျော်ဖြေပွဲများကို မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ရာ မှတ်မှတ်ရရ အောင်မြင်မှု ရရှိသည်ဟု ဆိုရလောက်သည့် ဖျော်ဖြေပွဲ မရှိသလောက်ပင်။

ပြီးခဲ့သည့် ၂၀၁၄ တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၏ ၀င်ကြေးအမြင့်မားဆုံး ဖျော်ဖြေပွဲတစ်ခုဖြစ်သည့် 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲသည် ပရိသတ် ကြည့်ရှုနှုန်း အများဆုံး ဖြစ်ခဲ့သော်လည်း ဖျော်ဖြေပွဲ စတင်ခါနီးတွင် လက်မှတ် ဈေးနှုန်းများကို လျှော့၍ ရောင်းချခဲ့ရ သောကြောင့် အဆိုပါ ဖျော်ဖြေပွဲ အောင်မြင်သည်ဟု ပြောရန်ခက်သည်။

ထို့အတူ အခြားကမ္ဘာကျော်များ ဖြစ်ကြသည့် Michael Learns to Rock , Air Supply , Arrival From Sweden , The Music of ABBA အဖွဲ့များ အပါအ၀င် အခြားနာမည်ကြီး ကေပေါ့ပ်အဖွဲ့များ၏ ဖျော်ဖြေပွဲများ မှာလည်း လက်မှတ်ဈေးနှုန်း မြင့်မားသောကြောင့် ပရိသတ်များ အားမလို အားမရ ဖြစ်ခဲ့ကြရသည်။

Redfoo ဖျော်ဖြေပွဲမတိုင်မီ အောက်တိုဘာလဆန်းက ပြုလုပ်ခဲ့သော အမေရိကန် အဆိုတော် ရှောင်ကင်းစတန်၏ ဖျော်ဖြေပွဲမှာလည်း အလားတူပင် ဖြစ်သည်။ လက်မှတ်ခကို ငွေကျပ်နှစ်သောင်း မှ သုံးသိန်းအထိ သတ်မှတ်ထား ခဲ့ခြင်းဖြစ်သည်။

‘‘ဒီမှာလုပ်တဲ့ ဖျော်ဖြေပွဲ လက်မှတ် ဈေးနှုန်းတွေက တခြားနိုင်ငံတွေမှာ လုပ်တဲ့ ဖျော်ဖြေပွဲတွေ ထက်စာရင် ဈေးကြီးနေတယ်။ အဲဒီတော့ ဈေးနှုန်းကို ညှိပေးသင့်တယ်လို့ ထင်တယ်။ တချို့ပွဲတွေဆို ဈေးတွေ အရမ်းတောင်းပြီး ပွဲမှာ လူမရှိဘူး။ တကယ်က မြန်မာနိုင်ငံက ပရိသတ်တွေက အားမပေးချင်တာ မဟုတ်ဘူး။ အားပေးချင်တယ်’’ဟု မြန်မာနိုင်ငံတွင် ပြုလုပ်သည့် နိုင်ငံတကာ ဖျော်ဖြေပွဲများ၌ သာမက ပြည်ပတွင် ပြုလုပ်သည့် ဖျော်ဖြေပွဲများကိုပါ သွားရောက် ကြည့်ရှုလေ့ရှိသည့် ၀ါဆိုမိုးဦးက သူ့ အမြင်ကိုပြောသည်။

ဖျော်ဖြေပွဲများ ဈေးနှုန်းမြင့်မားရခြင်းမှာ ဖျော်ဖြေမည့် အဆိုတော်များကို ငှားရမ်းရသည့် အနုပညာကြေး အပါအ၀င် အထွေထွေ အသုံးစရိတ်များ မြင့်မားသောကြောင့် ဖြစ်ကြောင်း ၂၀၁၃ အတွင်းက Michael Learns to Rock ဖျော်ဖြေပွဲစီစဉ်သူ ကိုရဲသူဖေက ရှင်းပြသည်။

လက်မှတ် ဈေးနှုန်းများကို တစ်သမတ်တည်း မသတ်မှတ်နိုင်ဘဲ ပရိသတ်များ ကြည့်ရှုနိုင်မည့် ဈေးနှုန်းကိုလည်း သတ်မှတ် ပေးရသောကြောင့် အနုပညာရှင်များကို အနီးဆုံး ကြည့်ရှုခွင့် ရရှိမည့် ရှေ့ဆုံးတန်း လက်မှတ်များမှာ လိုအပ်သည်ထက် ဈေးနှုန်း ပိုမိုကြီးမြင့်ရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် ပရိသတ် အများအပြားနှင့် ဖျော်ဖြေပွဲပြုလုပ်ရန် နေရာ မရှိသည့် အချက်မှာလည်း လက်မှတ်ဈေးနှုန်း ကြီးမြင့်ရသည့် အချက်တစ်ချက် ဖြစ်ကြောင်း ကိုရဲသူဖေက ပြောသည်။

‘‘ပရိသတ်တွေက လက်မှတ် ဈေးနှုန်းကို တစ်သောင်းကနေ ငါးသောင်း အကြားဆို ကြည့်နိုင်တယ်။ အဲဒီတော့ ပရိသတ် ငါးသောင်းလောက် ဆံ့တဲ့ နေရာတွေမှာ ကျင်းပခွင့် ရရင်တော့ နောက်ထပ်ဖျော်ဖြေပွဲ ထပ်လုပ်ချင်သေး တယ်’’ဟု ၎င်းကပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ကမ္ဘာကျော်များ၏ ဖျော်ဖြေပွဲ ကျင်းပမည် ဆိုပါက ဖျော်ဖြေပွဲပြု လုပ်မည့် အဆိုတော်သည် ကမ္ဘာကျော်ရုံသာမက မြန်မာ ပရိသတ် များနှင့် မစိမ်းသည့် အနုပညာရှင် ဖြစ်ရန်လည်း လိုအပ်သည်ဟု
ပြည်တွင်း ဖျော်ဖြေပွဲများ အောင်မြင်စွာ ကျင်းပနိုင်သူ တစ်ဦးဖြစ်သည့် ဘိုဘိုအင်တာတိန်းမန့်မှ ကိုဘိုစန်းက သုံးသပ်သည်။

‘‘ဒီကပရိသတ်တွေ သိဖို့ လိုသလို အဲဒီ အနုပညာရှင် လာတာကို ဒီကပရိသတ်တွေ စိတ်ဝင်စားဖို့လည်း လိုတယ်’’ဟု ၎င်းကပြော သည်။

ဘိုဘိုအင်တာတိန်းမန့် အနေဖြင့် ကမ္ဘာကျော် အနုပညာရှင်များ၏ ဖျော်ပွဲများပြုလုပ်ရန် အစီအစဉ် ရှိသော်လည်း လက်ရှိအချိန်အထိ ကျင်းပသည့် ဖျော်ဖြေပွဲတိုင်း ရှုံးနေသောကြောင့် မလုပ်ဖြစ်သေးခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

အမြင့်ဆုံး သတ်မှတ်ထားသည့် လက်မှတ်ဈေးနှုန်းသည် နိုင်ငံတကာနှင့် ယှဉ်လျှင် ဈေးကြီးသည်ဟု ဆိုနိုင်သော်လည်း အနိမ့်ဆုံးဈေးနှုန်းကို ငွေကျပ်သောင်းဂဏန်းသာ သတ်မှတ် ထားသောကြောင့် ကမ္ဘာကျော်များ၏
ဖျော်ဖြေပွဲကို ငွေကျပ်သောင်းဂဏန်းဖြင့် ကြည့်နိုင်သည်မှာ မြန်မာနိုင်ငံတွင်သာ ရှိမည်ဟု ၎င်းကဆိုသည်။

‘‘နိုင်ငံတကာနဲ့ယှဉ်ရင် လက်မှတ်ဈေးနှုန်းက ကြီးတော့ကြီးတယ်။ ဘာကြောင့် ကြီးတာလဲဆို တော့ တခြားနိုင်ငံ တွေမှာက သုံးသိန်းဆိုရင်လည်း ရောင်းရတယ်။ ဒီမှာက သုံးသိန်းတန်း ကလည်း ထင်သလောက် မရောင်းရဘူး။
နောက်ပြီး သိန်းနဲ့ချီပြီး ရောင်းပေမယ့် လူလာကြည့်နိုင်အောင် ဆိုပြီး ငါးသောင်းတန်းကို ရောင်းပေးတယ်။ နိုင်ငံတကာမှာ ငါးသောင်းတန်းမှ မရှိတာ။ ဈေးနှုန်း ဘယ်လောက်လျှော့လျှော့ ဒီမှာက စီး ပွားရေးနဲ့လည်း ဆိုင်တယ်။ ငါးသောင်း သတ်မှတ်ထားရင် ငါးသောင်းနဲ့ လူဘယ်လောက် ကြည့်နိုင်မလဲ’’ဟု ကိုဘိုစန်းက ပြောသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခကြေးငွေနှင့် ယှဉ်ကြည့်လျှင် အထက်ပါ ဖျော်ဖြေပွဲများကို အနိမ့်ဆုံးတန်းမှ ကြည့်နိုင်ရန်ပင် မိမိတို့တစ်လစာ ရှာဖွေထားငွေ၏ ထက်ဝက်ခန့်ကို သုံးစွဲရမည်
ဖြစ်သည်။ ထိုအချက်ကလည်း နိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် ယခုကဲ့သို့ ဖျော်ဖြေပွဲများ လူဝင်၊မ၀င် က သွယ်ဝိုက်၍ အချိုးကျသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ ဖျော်ဖြေပွဲတိုင်းလိုလို ပရိသတ်ကြည့်ရှုနှုန်း နည်းနေခြင်းသည် ဖျော်ဖြေပွဲများ ထပ်မံကျင်းပရန် အခက်အခဲတစ်ခုဖြစ်ကာ နိုင်ငံတကာမှ အနုပညာ ရှင်များ အနေဖြင့်လည်း
မြန်မာနိုင်ငံသို့ လာရောက်ရန် စဉ်းစားလာနိုင်ကြောင်း Living Song Entertainment မှ ကိုဂျောမရန် က ပြောသည်။

နိုင်ငံတကာ ဖျော်ဖြေပွဲများ ကျင်းပရန် စီစဉ်ပါက အဆင့်သတ်မှတ်ချက် အလိုက် ငှားရမ်းရခြင်း ဖြစ်ပြီး လူသောင်းနှင့်ချီ၍ ကျင်းပနိုင်သည့် နေရာများရှိပါက ကမ္ဘာကျော် အဆိုတော်များ၏ ဖျော်ဖြေပွဲကို လူတိုင်းကြည့်ရှုနိုင်မည့်
ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရန် စီစဉ်နိုင်သည်ဟု ၎င်းကဆိုသည်။

‘‘ရန်ကုန် အနီးအနားတစ်ဝိုက်မှာ လူသုံးသောင်း လောက်ဝင်တဲ့ နေရာရှိနိုင်ရင် ဂျပ်စတင်ဘီဘာ ဖြစ်ဖြစ်၊ ဂျနီဖာလိုပက်ဇ် ဖြစ်ဖြစ် Big Bang ပဲဖြစ်ဖြစ် ခေါ်လို့ရ တယ်။ အဲဒီလိုနေရာ မရှိသရွေ့ကတော့ မိုက်ရူးရဲပြီး မခေါ်ရဲဘူး။ ရှုံးမယ်မှန်း သိသိနဲ့’’ဟု ကိုဂျောမရန် ကပြောသည်။

7day daily
Previous
Next Post »
Powered by Blogger.