ပါရီပုံရိပ်များ - ပါရီမြို့ကမြေအောက်ရထားအကြောင်း

Métro ligne 7 de Paris Traversée sous fluviale seine, 1930 (Photo Google)
စဲန်းမြစ်ရေအောက် မေထရို လိုင်း နံပတ် (၇) ကို ဖောက်လုပ်နေစဉ်က မှတ်တမ်းပုံပါ၊
ပါရီမေထရို ၁၁၄ နှစ် (Photo မရငတ)
Ligne 7 du métro de Paris, 1930 (Photo Google)
မဟာရန်ကုန်မြို့ပတ်ရထား (Photo Google)
ဂျစ်ပစီတို့ရဲ့အင်အားပြမြေပုံ (Photo Google)
150 years of the London underground (King’s Cross station) ၁၈၆၃ ခုနှစ်မှာ စတင်ခဲ့တဲ့ လန်ဒန် Underground ပါ၊
မန္တလေးရဲ့ တထောင်ကိုးရာလေးခုနှစ်က ထရန်းဝေး (Photo Google)
ဘူတာတွင်းမှာစောင်ခြုံကွေးသူများ (Photo မရငတ)
ဒီလိုမျိုး ရထားကအထွက်မှာ အလစ်နှိုက် ကျန်ရစ်ခဲ့တာပါ … (Photo မရငတ
Gare de Lyon မေထရိုအဝင်ပေါက် (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေတို့ မြို့အစွန်နားက တပိုင်းတစ ကျန်ရှိနေဆဲ ဂျစ်ပစီစခန်း (Photo Google)
ပါရီဲမြို့ရဲ့ ခါးပိုက်နှိုက်မှု အများဆုံး ဘူတာများရှိရာ နံပတ်တစ်လိုင်း (Photo Google)
ပါရီရောက် ဂျစ်ပစီလူမျိုးတွေလည်း အများကြီး တွေ့ရမယ် (Photo မရငတ)
ခါးပိုက်နှိုက်များ ပျော်မြူးရာ ဒီလိုဘူတာတွေမှာ ဒီလိုမျိုး ရထားပေါ်အတက် … (Photo မရငတ)
စုစုပေါင်း ကီလိုမီတာသုံးရာ မိုင်ပေါင်းနှစ်ရာကျော် ရှည်သော ပါရီမြို့ရဲ့ မြေအောက်ရထားလမ်းများ အကြောင်းတွေကို စာတပုဒ် စာတပိုဒ်ထဲနဲ့ ပြည့်ပြည့်စုံစုံဖြစ်အောင် ရေးဖို့ကတော့ မလွယ်ကူလှပါ၊ တော်တော်ကြီးကိုဘဲ အတိုချုံးပြီး ရေးမှသာ ရနိုင်မှာပါ၊ အကြောင်းအရာအလိုက် အပိုင်းတပိုင်းစီကို ခွဲခြားပြီးရေးရင် စိတ်ဝင်စားစရာ ပိုပြီးကောင်းနိုင်ပါတယ်၊ မြေအောက်ရထားလမ်းတွေရထားတွဲတွေ ရထားဘူတာရုံတွေရဲ့သမိုင်းနဲ့ ပြင်သစ်ပြည်သမိုင်း ပါရီမြို့သမိုင်း ပါရီမြို့ကိုဖြတ်သန်းသွားသူများရဲ့ သမိုင်းဝင် ဇာတ်လမ်းတွေက ဆက်စပ်ပတ်သက်နေတာဖြစ်သမို့ အတတ်နိုင်ဆုံး ဆက်စပ်ပြီးတော့ ရေးသားဖို့ ကြိုးစားသွားပါမယ်၊

 ပါရီမေထရိုရဲ့အကြောင်း ရေးမယ်ဆိုရင် ပထမဆုံး အနေနဲ့ကတော့ မြေပေါ်မြေအောက် မြို့တွင်းသွား ရထားတွေလမ်းတွေအကြောင်း အကျဉ်းချုပ်ကို ရေးသားရမှာပါ၊ မြေအောက်ရထားများကို ပြင်သစ်မှာ Métro လို့ခေါ်ကြပြီး အင်္ဂလန်နိုင်ငံမှာ Underground(Tube) အမေရိကန်မှာ Subway ဂျာမဏီမှာ Untergrundbahn (U-Bahn) ဆိုပြီး ခေါ်ဝေါ်ကြသလို တချို့ မြို့များ ဥပမာ ဘန်ကောက်မှာရှိတဲ့ မြေပေါ်က တံတားရှည်ကြီးတွေ အပေါ်မှာပြေးဆွဲတဲ့ ရထားများကိုတော့ Skytrain လို့ခေါ်ကြပါတယ်၊ ပါရီရဲ့ မေထရိုကတော့ ကမ္ဘာပေါ်မှာ ဘူတာအများဆုံးသော ခရီးသွားသူအများဆုံးသော အစောဆုံးတည်ဆောက်ခဲ့သော အရှုတ်ထွေးဆုံးသော မြို့တွင်းမြို့ပြင် လမ်းကြောင်းအရှည်လျှားဆုံးသော စာရင်းများမှာပါဝင်တဲ့ မြေအောက်ရထားလမ်းစနစ် တခုပါ၊ ပါရီ မြို့အပြင် တခြားသော ထင်ရှားတဲ့ မြေအောက် ရထားလမ်းရှိတဲ့ မြို့ကြီးများကတော့ New York City Subway, London Underground (The Tube), Seoul Metropolitan Subway, Tokyo subway system, Moscow Metro, Beijing Subway, Die Berliner U-Bahn တို့ဖြစ်ကြပါတယ်၊

ဒီကနေ့မှာ နိုင်ငံ ၅၀ ကျော်က မြို့ကြီးပေါင်း ၁၆၀ ကျော်မှာ Rapid transit system လို့ခေါ်ကြတဲ့ မြေအောက်မြေပေါ် မြို့တွင်းပြေး ဓါတ်ရထားလမ်းစနစ်အမျိုးမျိုးကို တည်ဆောက်ခဲ့ပြီး ဖြစ်သလို တည်ဆောက်နေဆဲ မြို့ပေါင်း ၃၀ ကျော်ရှိပါတယ်၊ အစောဆုံး တည်ဆောက်ပြေးဆွဲခဲ့တာကတော့ ၁၈၆၃ ခုနှစ်မှာ စတင်ခဲ့တဲ့ လန်ဒန် Underground ပါ၊ 

သို့သော်လည်း ၁၈၉၀ ခုနှစ် ရောက်ရှိမှသာ လျှပ်စစ်ဓါတ်ရထားစနစ်အဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ၊ အမေရိကန် နယူးယောက်မြို့မှာ ၁၈၆၈ ခုနှစ် ချီကာဂိုမြို့မှာ ၁၈၉၂ ခုနှစ် စကော့တလန် ဂလပ်စကိုမြို့နဲ့ ဟန်ဂေရီ ဘူဒါပက်မြို့မှာ ၁၈၉၆ ခုနှစ် အမေရိကန် ဘော်စတွန်မှာ ၁၈၉၇ ခုနှစ် သြစတြီးယား ဗီယာနာမှာ ၁၈၉၈ ခုနှစ် ပြင်သစ် ပါရီမှာ ၁၉၀၀ ပြည့်နှစ် ဂျာမဏီ ဘာလင်မြို့မှာ ၁၉၀၂ ခုနှစ် ဂရိ အေသင်မြို့မှာ ၁၉၀၄ ခုနှစ် အမေရိကန် ဖီလာဒဲလ်ဖီးယားမှာ ၁၉၀၇ ခုနှစ် စတဲ့ကာလတွေမှာ မြေပေါ်မြေအောက်သွား ဓါတ်ရထားလိုင်းများ တမြို့နဲ့တမြို့ အပြိုင်အဆိုင် တည်ဆောက်ခဲ့ကြပါတယ်၊ 

အာရှမြေကြီးမှာတော့ ဂျပန် တိုကျိုမြို့မှာ ၁၉၂၇ နှစ်က စတင်ခဲ့ပြီး တရုတ်ပြည် ပီကင်းမြို့မှာ ၁၉၆၉ ခုနှစ် မြောက်ကိုရီးယား ပြုံယမ်းမြို့မှာ ၁၉၇၃ ခုနှစ် တောင်ကိုရီးယား ဆိုးလ်မြို့မှာ ၁၉၇၄ ခုနှစ် ဟောင်ကောင်မြို့မှာ ၁၉၇၉ ခုနှစ် အိန္ဒိယ ကလက္ကတားမြို့နဲ့ ဖိလစ်ပိုင် မနီလာမြို့မှာ ၁၉၈၄ ခုနှစ် စင်ကာပူမှာ ၁၉၈၇ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ၁၉၉၆ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၁၉၉၉ ခုနှစ် ဗီယက်နမ် ဟိုချီမင်းနဲ့ ဟနွိုင်းမှာတော့ ယခုတည်ဆောက်နေဆဲလို့ သိရှိရပါတယ်၊ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်ကြီး ဆီမှာတော့ မကြာခင်ကာလမှာ စင်ကာပူကို ကျော်ဖြတ်နိုင်ဖို့ ကြိမ်းဝါးနေသံတွေကို ခပ်သဲ့သဲ့ကြားမိ ရလို့ ဘယ်တော့များမှာ လက်ခမောင်း ထခပ်ရမလဲဆိုပြီး ကြိတ်လို့သာ ဝမ်းသာနေမိရပါသေးတယ်၊


ဟိုးခပ်ငယ်ငယ် ကျောင်းသားဘဝက နွေရာသီကျောင်းပိတ်ရက်တွေမှာ အဖိုးအဖွားများ နေထိုင်ရာ မဟာရန်ကုန် ရွှေမြို့တော်ကြီးဆီသို့ မောင်ရင်ငတေ သွားရောက်လည်ခဲ့တဲ့ အချိန်အခါတွေတုန်းက သာရဝေါ-အင်းစိန်-ကြည့်မြင်တိုင် လော်ကယ်ရထား ခပ်ဟောင်းဟောင်းက ရန်ကုန်မြို့တော်ကြီးရဲ့ နယ်နမိတ်ထဲကို စတင်ပြီး ချည်းနင်းဝင်ရောက်လာတာနဲ့အတူ နဘေးနားမှာ ဖြတ်ကျော် သွားနေ ကြတဲ့ အပြာရောင် တောက်ပနေတဲ့ မြို့ပတ်ရထားတွဲကြီးတွေကို ကြည့်ပြီး ဝမ်းသာပျော်ရွှင်ခဲ့ရတာ ဒီ စာရေးနေရင်းနဲ့တောင်မှ ပြန်လည်လို့ မြင်ယောင်မိနေရပါသေးတယ် ခင်ဗျာ၊

 ရွှေပြည်တော်ကြီးရဲ့ ပထမဆုံးရထားလမ်းဖြစ်တဲ့ ရန်ကုန် ပြည် ရထားလမ်းကို ၁၈၇၇ ခုနှစ်မှာ စတင်ပြေးဆွဲခဲ့တာဖြစ်လို့ အင်္ဂလန်ရဲ့ ကမ္ဘာ့ပေါ်မှာ ပထမဆုံးသော ခရီးသည် ပို့ဆောင်ရေး မီးရထားလုပ်ငန်း Stockton and Darlington Railway ထက် ၅၂ နှစ်မျှသာ နောက်ကျခဲ့ပြီး အိန္ဒိယပြည်ထက် ၂၄ နှစ် တရုတ်ပြည်နဲ့ ဆိုရင် တနှစ်သာ နောက်ကျခဲ့တာပါ၊ ဂျပန်ရဲ့မီးရထားလမ်းတွေက ၁၈၇၂ ခုနှစ် မှသာစတင်ခဲ့တာမို့ ရွှေပြည်တော်ကြီးထက် ဂျပန်က ငါးနှစ်သာ စောခဲ့ပါတယ်၊ အာဆီယံတလွှားမှာ အစောဆုံး စာရင်း ဝင်ခဲ့တာ အင်ဒိုနီးရှားဖြစ်ပြီး ဂျပန်ထက်တောင် ငါးနှစ်စောပြီး ၁၈၆၇ ခုနှစ်မှာ စတင်ပြေးဆွဲခဲ့တာပါ၊ မလေးရှား ၁၈၈၅ ဟောင်ကောင် ၁၈၈၈ ဖိလစ်ပိုင် ၁၈၉၁ တောင်ကိုရီးယား ၁၈၉၇ ခုနှစ် လာအိုမှာ ၁၉၂၀ ကမ္ဘောဒီးယား ၁၉၃၂ ခုနှစ်များမှာမှ ရထားလမ်းများကို စတင်ခဲ့ကြတာဖြစ်လို့ ရွှေပြည်တော် မီးရထားလုပ်ငန်းဟာ အာရှဒေသမှာတော့ အစောပိုင်းကာလကထဲက ပါဝင်ခဲ့တာလို့ ဆိုနိုင်ပါတယ်၊

၁၉၀၀ ပြည့်လွန်ကာလများမှာ မန္တလေးနဲ့ ရန်ကုန်မြို့ အပါအဝင် ဘန်ကောက် စင်ကာပူ ပီကင်း ရှန်ဟဲ ကိုလံဘို ဘုံဘေ ဒေလီ ကလက္ကတ္တား မဒရပ် ဂျာကာတာ ပြုံယန်း ဆိုးလ် ပူဆန် ပီနန် ဟနွိုင်နဲ့ အာရှဒေသရဲ့ မြို့ကြီးတွေမှာ လျှပ်စစ်ဓါတ်အား အသုံးပြုပြီး ပြေးဆွဲကြတဲ့ Tramways နဲ့ Trolleybuses ဆိုတာတွေ ရှိခဲ့ဖူးပြီး စရိတ်စက ကြီးမြင့်မှုကြောင့် ၁၉၆၀ ဝန်းကျင်မှာ အားလုံးလိုလို ရပ်ဆိုင်းခဲ့ရပါတယ်၊ ရန်ကုန်ရဲ့မြို့ပတ်မီးရထားလမ်းကို အင်္ဂလိပ်ခေတ် ဒုတိယကမ္ဘာစစ် မတိုင်မီက ဖောက်လုပ်ရန် စီမံကိန်း ရေးဆွဲခဲ့သော်လည်း ၁၉၅၄ ခုနှစ်မှသာ စတင်ပြေးဆွဲနိုင်ခဲ့ပါတယ်၊ 

၁၉၄၅ ခုနှစ်က Tramway နဲ့ Trolleybus တွေဖျက်သိမ်းခဲ့တာကို မြို့ပတ်ရထားနဲ့ အစားထိုး ပြေးဆွဲနိုင်ခဲ့ တာပါ၊ ဒါပေမဲ့ ဒီမြို့ပတ်ရထားတွေကို ကနေ့ကာလထိ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့သော်လည်း ပုံစံတွေ နည်းပညာတွေ တိုးတက်ပြောင်းလဲလာမှုနောက်ကို အမှီမလိုက်နိုင်ခဲ့ရတာကြောင့် ဒီကနေ့ လက်ရှိ မြန်မာမီးရထားရဲ့ အခြေအနေတွေကိုတော့ ရွှေမြို့တော်ဟောင်းကြီးမှာ နေထိုင်နေကြတဲ့ သူတွေက မောင်ရင်ငတေထက် အသိဆုံးသာ ဖြစ်ပါလိမ့်မယ်၊ MRT လို့ ခေါ်ကြတဲ့ စင်ကာပူရဲ့ ယနေ့မိုးပျံရထားများဟာ ၁၉၈၇ ခုနှစ်မှ စတင်ခဲ့တာဖြစ်ပြီး ထရန်းဝေးစနစ် Trolleybus စနစ်တွေ ဖျက်သိမ်းခဲ့တဲ့ အချိန်ကစတင်ပြီး အဲဒီလို MRT စနစ် မစတင်နိုင်မီအထိ စင်ကာပူရဲ့ မြို့တွင်းသွား ခရီးသည်ပို့ဆောင်ရေးဟာ ဘတ်စ်ကားလိုင်းများသာ ဖြစ်ခဲ့တာပါ၊ 

မဟာရန်ကုန် ရွှေမြို့တော်ကြီးမှာ မြို့ပတ်ရထားတွေ တခေတ်တွင်ကျယ်လာနေချိန်မှာ စင်ကာပူရီယန်များ ဘတ်စ်ကားတွေတိုးခွေ့လို့ စီးနေရခဲ့ကြရတာပါ၊ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေး ကာလကြီးကို ရောက်ရှိလာတဲ့ ဒီကနေ့ အခါသမယမှာတော့ ရွှေဂုန်သူရွှေဂုန်သားတွေ ရွှေမန်းသူရွှေမန်းသားတွေ အပါအဝင် ရွှေပြည်တော်သားများရဲ့ ရီသံ ငိုသံ အတင်း သတင်း ပြောသံများဟာ စင်ကာပူရဲ့ မိုးပျံ ရထားများပေါ်မှာ မကြားချင်မှအဆုံး တညံညံ တစာစာ ဖြစ်နေခဲ့ရပါပြီ၊

ပါရီမြေအောက်ရထားလမ်းကိုတော့ ဆဌမအကြိမ်မြောက် ပြုလုပ်ခဲ့တဲ့ Exposition universelle de Paris ပြပွဲကြီးနဲ့အတူ ၁၉၀၀ ပြည့်နှစ်မှာ ဖွင့်လှစ်ခဲ့တာပါ၊ မနက်ကြီး ၅ နာရီလောက် ကနေ ညသန်းခေါင်ကျော် တချက်တီးထိ သုံးလေးမိနစ် တစ်စီးခန့် သွားပြန်နေတဲ့ ၂၂၀ ကီလိုမီတာ (၁၃၅ မိုင်) ရှည်တဲ့ မြို့တော်အတွင်းသွား မြေအောက်ဓါတ်ရထားလိုင်း ၁၄ လိုင်း လိုင်းတိုနှစ်လိုင်း စုစုပေါင်း ၁၆ လိုင်းမှာ ဘူတာပေါင်း ၃၀၃ ဘူတာရှိပြီး ဘူတာပလက်ဖောင်းပေါင်းကတော့ ၃၈၅ ခု ရှိပါတယ်၊ ၈၇ စတုရန်းကီလိုမီတာ ၃၄ စတုရန်းမိုင်ကျယ်တဲ့ ပါရီမြို့တော် အတွင်းမှာကိုဘဲ ဘူတာ ၂၄၅ ခုရှိပါတယ်၊ နေ့စဉ် ခရီးသွားသူ လေးသန်းခွဲကျော် သွားလာအသုံးပြု နေတာပါ၊

 ၁၉၀၀ ပြည့် နှစ်ကစပြီး ပြေးဆွဲခဲ့တာ ၁၉၂၀ ခုနှစ်ဝန်းကျင် အရောက်မှာတော့ ရထားလမ်းအရှည် စုစုပေါင်းက ဒီကနေ့ ကာလနီးပါးအတိုင်း ဖောက်လုပ်ပြီးစီး နေခဲ့ပြီ ဖြစ်ပါတယ်၊ ၁၉၉၀ ခုနှစ်မှာ နောက်ဆုံးပေါ် မောင်းသူမပါတော့တဲ့ မြေအောက် ရထားလိုင်းအသစ် နံပတ် ၁၄ ကို စတင်ပြီး ဖွင့်လှစ် ပြေးဆွဲနိုင် ခဲ့ပါတယ်၊ ၂၀၁၂ ခုနှစ်မှာ ပါရီမြို့ရဲ့ အဓိက နာမည်ကျော်ကြား ထင်ရှားသော နေရာ ဘူတာများကို ဖြတ်သန်းသွားတဲ့ ပါရီမြို့မှာ ပထမဆုံး ဖောက်လုပ်ခဲ့တဲ့ မြေအောက်ရထားလိုင်း အဝါရောင်လိုင်း နံပတ်တစ်ကိုလည်း မောင်းသူမဲ့အဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်၊ တနာရီ အများဆုံး ကီလိုမီတာ ၈၀ နှုန်းအထိ မောင်းခွင့် ပြုထားပါတယ်၊ RER ခေါ်တဲ့ မြို့တွင်းမှာတော့ မြေအောက်ကနေ သွားပြီး မြို့ပြင်မှာ မြေပေါ်ကသွားတဲ့ ရထားလိုင်း ငါးလိုင်းလည်း ရှိပါသေးတယ်၊

ပါရီမေထရိုပိုလီတန်ဧရိယာမှာ မြေအောက်မေထရိုလိုင်းများအပြင် RER ခေါ် မြို့ပြင်ဆင်ခြေဖုံးသွား အေ ဘီ စီ ဒီ အီး ရထားလိုင်း ၅ လိုင်းနဲ့ Tramways မြို့ပတ်ဓါတ်ရထား ရှစ်လိုင်း ရှိပါသေးတယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်းတရာကျော်ကာလက စတင်ဖောက်လုပ်ခဲ့တဲ့ ပါရီမေထရို မြေအောက်ဓါတ်ရထား လမ်းများကတော့ ယခုအခါမှာ ညစ်ပတ်မှုတွေ ခါးပိုက်နှိုက်သောင်းကျန်းမှု တွေနဲ့အတူ နာမည်ဆိုးနဲ့ တော်တော်ကျော်ကြားလာပါတယ်၊ သူနဲ့ခေတ်ပြိုင် ကျော်ကြားခဲ့တာကတော့ နယူးယောက်မေထရို ဖြစ်ပါတယ်တဲ့၊ 

ဒါပေမဲ့ အခုနှစ်များအတွင်းမှာ အမေရိကန်ရဲ့ တင်းကြပ်ခဲ့တဲ့ လုံခြုံရေး အခြေအနေ များနဲ့အတူ နယူးယောက် မြေအောက်ရထားလိုင်းများရဲ့ အခြေအနေတွေက ပိုမိုကောင်းမွန်လာခဲ့ ပါတယ်လို့ နယူးယောက်သား ညီငယ်တယောက်က ပါရီရောက်ခိုက်မှာ နှိုင်းယှဉ်လို့ ရှင်းပြပါတယ်၊ ပါရီရဲ့မြေအောက်ဘူတာရုံကြီးတွေ အတော်များများမှာ လှေကားကိုဆင်းလို့ ဝင်သွားတာနဲ့ တွေ့မြင် ကြရမှာကတော့ ရထားစီးခရီးသည်များအပြင် ဘူတာပလက်ဖောင်းများပေါ်မှာ တုံးလုံးပက်လက်နဲ့ စောင်ခြုံကွေးကာ အိပ်မောကျ နေကြသော သူများကိုပါ၊ ဘီယာသောက်ရင်း ဝိုင်သောက်ကြရင်းနဲ့ စကားဝိုင်း ဖွဲ့နေကြသူ ဘူတာတွင်း အခြေချပြီး နေထိုင်ကြသော သူများကိုလည်း ဘူတာတချို့မှာ တွေ့မြင်ရလေ့ ရှိပါတယ်၊

အဲဒီလိုသာ စောင်ကိုခေါင်းမူးခြုံပြီးတော့ ကွေးနေသူများ ဂစ်တာတီး အကော်ဒယံတီး နေကြသူများ တယောထိုး နေကြသူများ တယောက်တည်း နားထောင်သူမရှိ တောင်စဉ်ရေမရ ကိုယ်ပြောချင်ရာ ပြောနေရင်း နေတတ်ကျေနပ်နေသူများကို တွေ့မြင်နေရတာ ကြာလာတော့လည်း မထူးဆန်းတော့ ပါဘူး၊ မနက်ကြီး ၅ နာရီကစ ညသန်းခေါင်တချက်တီးခန့်ထိ သုံးလေးမိနစ် တစီးခန့် သွားပြန်နေတဲ့ ရထားတွဲတွေ ပေါ်မှာလည်း သူတို့တွေက တက်ချည်ဆင်းချည်ပါ၊ 

ဒါပေမဲ့ သူတို့တွေဟာ ရထားစီး ခရီးသွားများကို ဒုက္ခပေးတတ် သူတွေတော့ မဟုတ်ကြပါဘူး၊ တခါတလေမှာတော့ ရထားပေါ်မှာ ဝိုင်ဖိုး ပိုက်ဆံလိုက်တောင်း အလှူခံ တတ်ကြပေမဲ့ များသောအားဖြင့်ကတော့ သူတို့ဖာသာ သူတို့ တယောက်တည်း ဘူတာတွင်းစင်္ကြန် ပလက်ဖောင်းများပေါ်မှာ အိပ်နေတာကို သော်လည်းကောင်း အုပ်စုလိုက် ဝိုင်းဖွဲ့သောက်စား နေတာကို သော်လည်းကောင်း တွေ့မြင်ရမှာပါ၊ သူတို့တတွေထဲမှာ ဆိုးသွမ်းသူတွေ ပါကောင်းပါနေနိုင်ပေမဲ့ သူတို့ဘဝကိုသူတို့ ကျေနပ်နေတတ် ကြရသူတွေ များဟန် တူပါတယ်၊ သူတပါးကို နှောက်ယှက်ဖို့ သိပ်စိတ်ဝင်စားကြသူတွေ မဟုတ်ပါဘူး၊ သူတို့တတွေထဲမှာ ပြင်သစ်တွေ လူဖြူတွေ လူမည်းတွေရော လူမျိုးပေါင်းစုံဆိုသလို ပါဝင်ကြပေမဲ့ မောင်ရင်ငတေတို့ရဲ့
အရှေ့တောင်အာရှ တောင်အာရှသားတွေကတော့ မပါရှိသလောက်ပါ၊

အခုနောက်ပိုင်းမှာ ပါရီမြို့ကိုရောက်ရှိလာပြီး လျှောက်လည်မယ့် ဧည့်သည်တော်တွေကို မဖြစ်မနေ သတိပေးစကား ပြောထားရမယ့် အချက်ကတော့ ပါရီမြို့ရဲ့ နာမည်ကျော် ကမ္ဘာလှည့်ခရီးသည်များ စည်ကားရာ လမ်းမကြီးတွေမှာ အထူးသဖြင့်ကတော့ မြေအောက်ဘူတာတွေမှာ ကျက်စားနေတဲ့ ခါးပိုက်နှိုက်သမားခေါ်မလား အလစ်သုတ်သမားခေါ်မလား အုပ်စုလိုက် လှုပ်ရှားတဲ့ လူမျိုးတွေပါပဲ၊ မောင်ရင်ငတေ တွေ့ကြုံဖူးသမျှသော အဲဒီခါးပိုက်နှိုက်တွေရဲ့ ဝတ်စားဆင်ယင်ပုံ လှုပ်ရှားပုံတွေက အတူတူ ဖြစ်နေလို့ပါ၊ 

သူတို့ဟာ အရှေ့ဥရောပနဲ့ အလယ်ဥရောပ မြေကြီးတွေပေါ်မှာ မွေးဖွားလာခဲ့ ကြသူများ ဖြစ်ပြီး ပြင်သစ်လိုတော့ Roms လို့ခေါ်တဲ့ Romani people ခေါ် Gypsies ဂျစ်ပစီတွေ ဖြစ်ပါတယ်၊ အဲဒီ လူမျိုးတွေရဲ့ ရှည်လျှားလွန်းလှတဲ့ သမိုင်းကြောင်းကို ဒီနေရာမှာ မောင်ရင်ငတေ ပြောချင်တာ မဟုတ်ပါဘူး၊ သူတို့ လူမျိုးတွေရဲ့ အရေအတွက်က ပါရီလို ဥရောပရှိ မြို့ကြီးတွေမှာ များသထက် များပြားလာတာနဲ့အမျှ အဲဒီလို အလစ်သုတ် လုပ်ငန်းကို လုပ်ကိုင်သူ အရေအတွက် ကလည်း ပိုမိုပြီး များလာတာက မောင်ရင်ငတေတို့ ကိုယ်တွေ့မျက်မြင်ပါဘဲ၊ တခုပို ထူးခြားတာက ခါးပိုက်နှိုက်အလစ်သုတ်သူ အများစုက မိန်းကလေး ခပ်ငယ်ငယ်တွေဖြစ်လို့ လာနေတာပါ၊ သူတို့ရဲ့ ဝတ်ထားတဲ့ ခပ်ပွပွ ဂါဝန်လို့ ခေါ်မလား ဒီဇိုင်းက သူတို့တွေကို အလွယ်တကူ မှတ်မိစေနိုင်ပါတယ်၊ သူတို့အထဲက အသက်နည်းနည်းကြီးပြီး သွက်သွက်လက်လက် သိပ်မရှိသူ အမျိုးသမီးများကတော့ လက်ထဲမှာ စာရွက်တရွက်ဘောပင်တချောင်း ကိုင်ထားကြပြီး You speak english မေးခွန်းတခုကို မေးပြီး လက်မှတ်ထိုး အလှူငွေ ကောက်ခံတဲ့ လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်၊


သူတို့တတွေ အဓိကထား လှုပ်ရှားတဲ့နေရာများကတော့ တိုးလ်ရစ်တွေ အဓိကထား သွားလေ့ရှိရာ အီဖယ်မျှော်စင်ကြီးနဲ့ L’avenue des Champs-Élysées ရှောင်ဇေလီဇေ လမ်းမကြီးနား တဝိုက်က မြေအောက်ဘူတာတွေအထဲမှာပါ၊ မေထရိုလိုင်းနံပါတ်တစ်နဲ့လိုင်းနံပါတ်ခြောက်က ရှောင်ဇေလီဇေ လမ်းမကြီးထိပ်ရှိ L’arc de triomphe de l’Étoile အောင်မြင်ရေးမုဒ်ဦး ဘူတာမှာ ဆုံတွေ့ပါတယ်၊ ခါးပိုက်နှိုက်သမားတွေရဲ့ လှုပ်ရှားပုံ နှိုက်ပုံနှိုက်နည်းဟာ သိပ်ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး၊ သူတို့နှိုက်တဲ့ အဓိကပုံစံတွေက ဘူတာတွင်းမှာ ရထားလက်မှတ်ကို ထိုးဝင်ရတဲ့နေရာမှာ ခရီးသွား ဧည့်သည်တွေ အများစုက ပိုက်ဆံအိပ်ဖွင့် လက်မှတ်ရှာ ကဗျာကယာ လက်မှတ်ကို ထိုးဝင်ချိန်မှာ သူတို့က အမိအရ နှိုက်ကြတော့တာပါ၊ 

လွန်ခဲ့သော သုံးလေးလက ဖွဘုတ်ပေါ်မှာ ဖတ်လိုက်ရတာ တခုရှိပါတယ်၊ ပါရီကို အလုပ်ကိစ္စနဲ့ ရောက်လာခဲ့တဲ့ ရွှေနေပြည်တော်က သတင်းထောက်ကလေး တယောက်ရေးထားတာပါ၊ သူဟာ ပါရီမြို့ရဲ့ခါးလောက နာမည်ကြီးလွန်းလှလို့ သတိအထူးထားပြီး သွားလာခဲ့တာမှာ နောက်ဆုံးမပြန်ခင် တနေ့မှာတော့ သူပါလာတဲ့ တယ်လီဖုန်း ကင်မရာလေး ပါရီ ခါးသမလေးတွေနောက်ကို ပါသွားခဲ့တာ ဆိုတာမျိုးကို ဖတ်လိုက်ရပါတယ်၊ အဲဒီလိုမျိုး ပါရီမြို့ကြီးရဲ့ ခါးလောကကြီးက နာမည်ကြီးလှတာပါ၊ အဲလိုလက်မှတ်ထိုးဝင်ခိုက်အချိန်ရယ် ပလက်ဖောင်းကနေ ရထားဝင်လာလို့ ရထားတွဲပေါ်ကိုတက်ဖို့ ပြင်ဆင်နေသခိုက် ရထားပေါ်အတက် ဘေးတယောက် နောက်ကတယောက် ညှပ်ပြီးတော့ ရထားအတက်မှာ နှိုက်လို့ရရင်နှိုက် နှိုက်လို့မရရင်ပြေး စနစ်နဲ့ အလုပ်လုပ်နေကြတာပါ၊ 

ပါရီမြို့တော်ကြီးရဲ့ ပြည်သူ့ရဲတွေလည်း တာဝန်ကျေလောက်တောင်မှ ဖမ်းလည်းမဖမ်းရဲ ဖမ်းပြန်ရင်လည်း ပါးရိုက်နားရိုက် လုပ်ချင်တိုင်း လုပ်လို့မရနိုင်တဲ့ လုအခွင့်အရေး ဆိုတာကြီးက ရှိနေလေပြီး ဖမ်းပြီးခဲ့ရင်လည်း နောက်ဆက်တွဲလို့ ရှင်းရမယ့် သူတို့ရဲ့ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်တတ်တဲ့ ယဉ်ကျေးမှု သမိုင်းကြောင်း အရှည်ကြီးကြောင့် အခုထိတော့ သက်ဆိုင်ရာတွေလည်း မျက်စေ့အောက် လက်ပိုက်ကြည့်လို့ နေရသလား မသိပါဘူး၊ အဲဒီလိုနဲ့သာ ဒီလိုအလစ်သုတ်အလုပ်ကို လုပ်ချင်ချင်မလုပ်ချင်ချင် လုပ်နေကြတဲ့ သူတွေဟာလည်း သူတို့ရဲ့ဘဝ သူတို့ရဲ့ အကြောင်းတွေနဲ့ ဒီဘဝကနေ ပြေးရှောင်လို့ မထွက်နိုင်ကြတာလား မသိပါဘူး၊

ပြင်သစ်လို Roms လို့ခေါ်တဲ့ Romani people ခေါ် Gypsy ဂျစ်ပစီလူမျိုးတွေရဲ့ အရေအတွက်ဟာ ပြင်သစ်နိုင်ငံတွင်းမှာ တရားဝင်စာရင်းမှာ စုစုပေါင်းငါးသိန်းလောက် ရှိပါတယ်လို့ဆိုထားပေမဲ့လည်း တရားမဝင်စာရင်းမှာတော့ တသန်းကျော် တသန်းခွဲပေါက်နေတာမို့ Romani လူမျိုးတွေ အများဆုံး ရောက်ရှိနေထိုင်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေပါပြီ၊ အမေရိကမှာတောင်မှ တသန်းကျော်သာ ရှိတာပါ၊ 

သူတို့တွေရဲ့မူရင်းနိုင်ငံတွေဖြစ်တဲ့ ခရိုအေရှား ရူမေနီးယား ဘူဂေရီးယား ဘောစနီးယား ဟန်ဂေရီ ဆာဗီးယား တူရကီ နိုင်ငံတွေမှာလည်း လူဦးရေ သန်းကျော်ရှိပါတယ်၊ စပိန် အီတလီ ပြင်သစ်တို့မှာ အများအပြားရောက်ရှိ နေထိုင်ကြတာကတော့ နှစ်ရာပေါင်းများစွာ ရှိနေပါပြီ၊ အရင်ခေတ်များက ရောက်ရှိ နေထိုင်ကြသူများကတော့ ရောက်ရှိရာနိုင်ငံတွင်းမှာ လိုက်လျောညီထွေစွာ နေထိုင်ကြပြီး တိုးတက်အောင်မြင်ပြီး သွားကြသူတွေရှိခဲ့သလို တခြားသော လူမျိုးတွေနဲ့သွေးချင်းရောပြီး နေထိုင် သွားကြသူတွေလည်း အများအပြား ရှိခဲ့ကြမှာပါ၊ 

ဒါပေမဲ့ အခုခေတ်အခါမှာတော့ အနောက်ဥရောပ နိုင်ငံကြီးတွေ ဆိုတာကလည်း ရာဇဝင်ထဲမှာသာ ချန်ထားမခံရဖို့ကို အနိုင်နိုင် ကြိုးစားရုန်းကန်နေ ကြရတဲ့ ခေတ်ပျက်ကာလကြီး ဖြစ်နေတာမို့ ရိုမာနီတဖြစ်လဲ ဒီလိုဂျစ်ပစီလူမျိုး ဆိုတာတွေကလည်း သူတို့တတ်ကျွမ်းသလိုသာ လုပ်ကိုင်စားသောက် နေထိုင်ကြရတော့ပါတယ်၊ ပါရီမြေအောက်ရထား လမ်းများပေါ်က ရုပ်ဆိုးလှတဲ့ အမည်းစက်ကြီး ဖြစ်လာတာကိုတော့ သက်ဆိုင်ရာ ပြင်သစ်အစိုးရ အာဏာပိုင်တွေ ဘယ်လိုများ ရင်ဆိုင် ဟန့်တားနိုင်မလဲ ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရမှာပါ၊

အဲဒီ ဂျစ်ပစီတွေရဲ့ အားပေးမှုကြောင့် ပါရီမြို့က ဝါရင့်သဘာရင့် ရွှေပါရီဇီယန်တွေရော လာရောက် လည်ပတ်သူ မြန်မာ မမကိုကို ပျိုပျိုအိုအိုတွေရော အလှူဒါနပြုကြသူငှာ ဖြစ်ကြရတော့တာပေါ့လေ၊ မောင်ရင်ငတေတို့ မဟာရွှေမြို့တော်ကြီးမှာ နေထိုင်ခဲ့စဉ်က အဲဒီလို ခါးခေါ်တဲ့ ခါးပိုက်နှိုက်သူများနဲ့ မကြာခဏဆိုသလို ရင်ဆိုင်တွေ့ခဲ့ဖူးပါတယ်၊ မဟာရန်ကုန်ရွှေမြို့တော်ကြီးရဲ့ ကိုရွှေခါးများကတော့ အင်မတန်မှ သိမ်မွေ့လိမ္မာ ပါးနပ်လျှင်မြန်ကြတာပါ၊ နှိုက်လို့နှိုက်လိုက်မှန်းတောင် မသိနိုင်အောင်ကို ယဉ်ကျေးကြတာပါ၊ ဒီပါရီ ရထားများပေါ်က အလစ်သုတ်သူ သူမများကတော့ လျှင်မြန် ဖြတ်လတ် ကြသော်လည်း ပညာသားမပါတဲ့ ဗြောင်နှိုက်ဗြောင်သုတ်သူများသာ ဖြစ်ကြကြောင်းပါ၊ ရန်ကုန် ခါး လောက က ဆရာကြီးတွေကို ခေါ်ယူသင်တန်းပေးခိုင်းတဲ့ လုပ်ငန်းလုပ်ရင်တော့ ခပ်မြန်မြန် ခရိုဏီ တဦး ဖြစ်လာနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် ခင်ဗျား၊

မောင်ရင်ငတေ ၁၉၀၁၂၀၁၄

ဒီဆောင်းပါး မိုးမခမှာပါလာပြီး နောက်တရက်သာ ရှိပါသေးတယ်၊ မောင်ရင်ငတေဆီကို သတင်း တခု ရောက်လာပါတယ်၊ ပါရီကို သင်တန်းလာတက်နေတဲ့ ရွှေတယောက် ပါရီရဲ့ နာမည်ကျော် Moulin Rouge ရဟတ်နီကြီးကို နောက်ခံပြုပြီး ဓါတ်ပုံရိုက်ခံနေစဉ်မှာ လွယ်လာတဲ့ ကျောပိုးအိတ် ကို ဘေးမှာချထားတာ ဓါတ်ပုံအရိုက်ခံ အပြီးမှာတော့ သူ့ရဲ့ကျောပိုးအိတ်ကလေး မရှိတော့ကြောင်း ပါ၊ ကျောပိုးအိတ်ထဲမှာ အိုင်ပက်တို့ အိုင်မက်တို့ ပါနေခဲ့ရင်တော့ အလစ်သုတ်သွားသူကတော့ ကောင်းကောင်းကြီး ကျေးဇူးတင်ရှိနေမှာ အမှန်ပါ၊ အဲဒါကြောင့် ပါရီကို လာရောက် လည်ပတ်မယ့် သူများကို ထပ်မံ သတိပေးလိုက်ရပါတယ်။

မောင်ရင်ငတေ
Previous
Next Post »
Powered by Blogger.