မှန်လေး ချထားမိပါတယ်

မန္တလေးကို အလုပ်ကိစ္စနဲ့ ဆင်းရမယ်ဆိုတော့ ဆရာတပည့်သုံးယောက် ပစ္စည်းတွေ ပြင်နေကြတယ်။ သူတို့ လက်ရှိ တာဝန်ထမ်းဆောင်ရာ မိုးညှင်းမြို့ကနေ ညတွင်းချင်း ကားနဲ့ ဆင်းကြမှာဆိုတော့ သေချာ ပြင်ဆင်ရတယ်လေ။ ပုံမှန်ဆိုရင်တော့ ဆရာတပည့် နှစ်ယောက်ထဲ သွားနေကြပါ။ အခုတော့ တာဝန်လေးကလဲ ရှိသေးတာမို့ နောက်ထပ် လက်ထောက် တပည့်လေးတစ်ယောက်ကို အဖော်ခေါ်လာလိုက်တယ်။

ညအချိန်ဆိုတော့ လေလေးက တညှင်းညှင်းနဲ့မို့ ကားကို အဲယားကွန်းမဖွင့်ပဲ မောင်းလို့ရတယ်။ ဆီစားလဲ သက်သာတာမို့ ဆရာတပည့်သုံးယောက် ကားပြတင်းမှန်လေး ချမောင်းဖို့ ဆုံးဖြတ်ကြတယ်။ ထုံးစံအတိုင်း မြို့ပြင်မထွက်ခင် ထမင်းဆိုင်လေးမှာ ဝမ်းဝင်ဖြည့်ကြတယ်။ နှုတ်ဆက်တဲ့ မိတ်ဆွေတွေလဲ စည်လို့ကားလို့ပေါ့။ ပြန်ထွက်မယ်လုပ်တော့ မိတ်ဆွေတစ်ယောက်က ဆရာတပည့်တွေ ကားမှန်ချထားတာကို မြင်ပါလေရော။

(ဆရာ ကားမှန်အချလိုက်နဲ့ မြို့ပြင်ထွက်မလို့လား)

(ဟုတ်တယ်လေဗျာ။ ညခင်းဆိုတော့ လေလေးကလဲ အေးသားမလား။ အဲယားကွန်းမလိုတော့ဘူးလေဗျာ)

(ဟာ ဆရာ။ မဲဇာတောင်က မလွယ်ဘူးနော။ ကားမှန်လေး ပိတ်ပြီးပဲ မောင်းပါဆရာရယ်။)

(ဟောဗျာ။ ဖြစ်ပါတယ်ဗျ)

(ဆရ။ တစ်ခါက တပ်ရင်းမှူးတစ်ယောက်လဲ အဲ့လိုပဲ ညကြီးပြန်တာ မနက်လင်းထိ တပ်ကို ပြန်မရောက်ဘူးတဲ့။ မိုင်တိုင် () နားလေးတင် ဆီကုန်ခါနီးအထိ မောင်းမိနေတာ။ သူကတော့ ခပ်ရဲရဲမို့ ညမောင်းလို့မရောက်လဲ မနက်ရောက်ပြီးတာပဲဆိုပြီး ကားကို လမ်းဘေးချပြီး အိပ်လိုက်တယ်။ မနက်ကျတော့မှ မောင်းပြန်တာ ငါးမိနစ်တောင် မကြာပါဘူးဆရာရယ် တပ်ကိုရောက်ရော။ အဲဒီနေရာ ပြန်သွားကြည့်တော့လဲ ဘီးချော်နေတဲ့ အရာမျိုးလဲမရှိဘူး။ နောက်ထပ် ကြုံရတာတွေ ရှိသေးတယ်နော ဆရာ)

(ခင်ဗျားတို့ကလဲ ခရီးထွက်ခါနီး။ ကျုပ်တို့ အဆင်ပြေပါတယ်။)

မိတ်ဆွေတွေ တားကြပေမယ့် ဆရာတပည့်သုံးယောက်ကတော့ ဆီချွေတာဖို့ကိုပဲ ဆုံးဖြတ်လိုက်တယ်။ ခါတိုင်းဆို ကိုယ်တိုင်မောင်းနေကြဖြစ်ပေမယ့် အလုပ်တွေနဲ့ ပင်ပမ်းပြီး အိပ်ချင်တာကြောင့် တပည့်ကျော်ကြီးကို ပေးမောင်းရင်း ဘေးမှာ အသာလေး အိပ်လိုက်လာလိုက်တယ်။ လမ်းကလဲ သွားနေကြဆိုတော့ ကားလေး ယမ်းခါလူးလိမ့်နေတာကို အရသာတွေ့တတ်နေပြီလေ။

အိပ်ပျော်နေတာ ဘယ်လောက်ကြာသွားလဲမသိဘူး ကားဦးမော့နေတဲ့ ခံစားချက်ကြောင့် နိုးလာခဲ့တယ်။ သူတို့ကားက သစ်ပင်တွေကြားမှာ တရိပ်ရိပ်ပြေးနေတယ်။

(ဟကောင် ဘစည်၊ ဘယ်ရောက်နေပြီလဲကွ)

သူမေးတာကို တပည့်ကျော်က မဖြေ။

(ဘယ်ရောက်ပြီလဲလို့ ငါမေးနေတယ်လေ)

အသံကို မြင့်ပြီးမေးတော့

(ရောက်တော့မယ်လေ….)

လေးလေးပင်ပင်နဲ့ တပည့်ကျော် ဘစည်အသံမဟုတ်တဲ့ အသံနဲ့ ဖြေလာတယ်။ မျက်စိတွေ ကျယ်တက်သွားပြီး ကားရှေ့ကို ပြူးကြည့်လိုက်တယ်။ လားလား ကားလမ်းပေါ်မှာမဟုတ်ပဲ မြေလမ်းပေါ်မှာရောက်နေတယ်။ ဘေးဘယ်ညာကြည့်တော့လဲ တကယ့်တော။

(ဟကောင် ဘစည်၊ မင်းဘယ်တွေ လျှောက်မောင်းနေတာလဲ)

(ဟီးဟီး… ရောက်တော့မယ်၊ ရောက်တော့မယ်)

မူမမှန်တော့တာကို သေချာသိလိုက်ရတယ်။ နောက်ခန်းမှာ အိပ်ပျော်နေတဲ့ လက်ထောက်ကို လှမ်းအော်ရတယ်။

(ဟကောင် ငကျော် ထစမ်း၊ ဘစည် တစ်ခုခုဖြစ်နေပြီ)

အိပ်ချင်မူးတူးနဲ့ ထလာတဲ့ ကိုကျော်တစ်ယောက် ကိုဘစည်ဖြစ်နေတာမြင်တော့ အိပ်ချင်ပြေသွားပုံရတယ်။ တပည့်ကျော် ဘစည်ဘက် ပြန်လှည့်လိုက်ရင်း

(ရပ်စမ်း ကားကို၊ ခုချက်ချင်းရပ်စမ်း၊ နင့်မေကလွှားတဲ့ မနက်ခင်းမှီအောင် ညထွက်မှ မင်းက လျှောက်မောင်းနေတယ်။ ပြန်လှည့်စမ်း)

ဘစည်ကတော့

(ဟီးဟီင်္း.. ရောက်တော့မယ်…)

(ရပ်စမ်းအခု၊ လာ ငါမောင်းမယ်။ မင်းလာတဲ့လမ်းကို ပြန်ပြစမ်း)

(ငါ မမှတ်မိတော့ဘူး…)

(ဘာ ငါလဲ။ သစ်ပင်တွေကို ကြည့်စမ်း။ မင်းဖြတ်လာတဲ့ အပင်တွေဆိုရင် ဟုတ်တယ်ပြော။ ပြန်လှည့်မယ်။ ငါလခွေးလိုမှပဲ)

ဒေါသတွေ အလိပ်လိုက်တက်လာပြီး ကားကို ပြန်ကွေ့လိုက်တယ်။ ဘစည်ကို မျက်စိစောင်းကြည့်လိုက်တော့ ခေါင်းကြီးက ရှေ့ကို ကိုင်းလို့။

(ပြောစမ်း ဟေ့ကောင်)

(ဒီအပင်ကို ဖြတ်ခဲ့တယ်)

ဒီလိုနဲ့ ကားကို သေချာ ပြန်ထိန်းမောင်းရင်း အကဲခတ်ကြည့်လိုက်တာ ဘယ်ရောက်မှန်းမသိကို ရောက်နေခဲ့ပြီဆိုတာ သိလိုက်ရတယ်လေ။ လမ်းမကို ပြန်မရောက်ရင်တော့ ရွာလည်တော့မယ့်အရေးကို တွေးမိရင်း ဒေါသတွေက တစ်လိပ်လိပ်။

နာရီဝက်ကျော်ကျော် ပြန်မောင်းမိတဲ့အခါမှာတော့ ကားလမ်းမကြီးကို ပြန်ရောက်လာခဲ့တယ်။ ကျောက်တန်းဘက်မသွားပဲ လမ်းမကြီးကနေ ခွဲထွက်ပြီး တောထဲဝင်သွားတာကိုး။

ကားလမ်းမကိုရောက်တော့ ကားကိုရပ်လိုက်တယ်။ ဆဲမလို့ လှည့်လိုက်တော့ ဘစည်တစ်ယောက် ကားတံခါးကို မဖွင့်ပဲ ပြတင်းပေါက်ကနေ အပြင်ကို ခုန်ထွက်သွားပြီး ကနေတယ်။ လရောင်အောက်မှာ လက်ကို ကားကားကြီးထားကနေတဲ့ ဘစည်နဲ့ သူ့အရိပ်ကို ကြည့်ရတာ ကြက်သီးဖြန်းဖြန်းထစရာ။ ကားနောက်ခန်းက မောင်ကျော် ထွက်လာပြီး ဘစည်ကို သွားဆွဲတယ်။ ဟိုက သူ့နှစ်ဆရှိတယ်။ မကြောက်မလန့်နဲ့ ရှေ့မှာရပ်ပြီး ပါးကို ပုတ်ပုတ်ပြီး မေးတော့တာပဲ။

(ကိုဘစည်၊ ကိုဘစည် ခင်ဗျား အဆင်ပြေလား။ ကျွန်တော်လေ မောင်ကျော်… )

သုံးသပ်ကြည့်လို့ရသလောက်တော့ ကိုဘစည်ဟာ လောလောဆယ် ကိုဘစည်စိတ်မရှိတော့ဘူးဆိုတာကို ရိပ်မိနေပြီလေ။

(ငကျော်၊ ဒီကောင့်ကို ကားထဲ ပြန်ခေါ်လာခဲ့၊ ငါတို့ ဆက်သွားမယ်)

ကားထဲ ပြန်ရောက်လာတဲ့အချိန် တော်တော်လေး အခြေအနေဆိုးနေပြီဆိုတာ ပိုသိသာလာတယ်။ ဘစည်မျက်လုံးတွေက နီရဲနေပြီ။ ကားကို အမြန်မောင်းသွားရင်း တံတားနားရောက်လာတယ်။ တံတားကို ဖြတ်တော့ ကားပေါ်ကနေ ကလုံးကလုံးဆိုတဲ့ အသံကြီး ကြားလိုက်ရပြီး ခါထွက်သွားတယ်။ တံတားကိုကျော်သွားတော့ ကားက သိသိသာသာကို ပေါ့သွားတယ်။ ဘစည်ကို လှည့်ကြည့်လိုက်တော့ ဇက်ကျိုးပြီး အိပ်ပျော်နေပြီ။

အဲလိုနဲ့ ကျောက်တန်းရောက်အောင် မောင်းသွားလိုက်တယ်။ မနက်စောစော ရောက်သွားတာမို့ အိပ်ဖို့နေရာ ရှာရင်း ဘစည်ကို စောင့်ကြည့်ရတယ်။ ဒီပုံဆို မန်းအထိ ခေါ်သွားလို့ မဖြစ်သေးဘူးလေ။ မနက်နေမြင့်တော့ ဘစည်နိုးလာတယ်။

(ဆရာ ကျွန်တော် ဘယ်မှာလဲ)

ဆရာပြန်ခေါ်ပြီဆိုတော့ ကောင်းလာပြီဆိုတာ သိလိုက်တယ်။ မောင်ကျော်ကတော့

(ကိုဘစည် ခင်ဗျား အိုကေတယ်နော်။ ကျွန်တော့်ကို သိလား)

(မောင်ကျော်ရာ သိတာပေါ့)

(ခင်ဗျားမှာ မိန်းမရှိလား)

(ရှိတယ်လေဗျာ။ ကလေးနှစ်ယောက်လေ)

(ဆရာ ကိုဘစည် ပြန်ကောင်းသွားပြီ)

(အေး… ဘစည် မင်းကွာ.. ညက ငါတို့အားလုံး သေကုန်တော့မလို့။ တောကြီးထဲ လျှောက်မောင်းသွားတယ်)

ဘစည်တစ်ယောက် လည်ထွက်နေပုံပဲ။ ဟိုနှိုက်ဒ်ီနှိုက်လုပ်ရင်း

(ဆရာ ကျွန်တော့ ဖုန်းကော)

(မသိဘူးလေ..။ သေချာရှာကြည့်ပေါ့)

(မရှိဘူးဆရာ..)

(အေး အဲဒါဆိုရင် မင်း ဟိုနေရာမှာ ကျကျန်ခဲ့မယ်ထင်တယ်။ သွား ပြန်သွားရှာချည်)

သုံးနာရီလောက်နေတော့ ဘစည်ပြန်ရောက်လာတယ်။ သူ့ ဖုန်းလေး ပြန်ပါလာတယ်။

(ဘယ်နားမှာ တွေ့တာလဲ)

(လမ်းမပေါ်မှာတော့မရှိဘူးဆရာ။ အဲဒါနဲ့ ကျွန်တော် မောင်းတက်သွားတယ်ဆိုတဲ့ တောထဲဝင်သွားလိုက်တာ ဆုံးခါနီးနာမှာ ပြန်တွေ့တယ်)

(သိပြီလား မင်းဂြိုလ်မွှေတာ)

(ဟုတ်ကဲ့ဆရာ။ ကားက ဘယ်လို တက်သွားမှန်းကိုမသိတာ၊ လမ်းက မတ်စောက်လွန်းလို့ ဆိုင်ကယ်ကိုတောင် တွန်းတက်ရတယ်။ တော်ပြီဆရာ နောက်ဆို မှန်ပိတ်မောင်းမယ်နော်)

အဲဒီအချိန်ကစပြီး အခုဆိုရင် ဘယ်ပဲသွားသွား မှန်ပိတ်ပြီးပဲ မောင်းဖြစ်တော့တယ်။

Credit:Sai Monn
Previous
Next Post »
Powered by Blogger.