စစ်တွေဆေးရုံမှ သူနာပြုများ အလုပ်မဆင်းဘဲ ဆန္ဒထုတ်ဖော်နေစဉ် |
စက်တင်ဘာ ၁၈ ရက်က စစ်တွေဆေးရုံ ကလေးဆောင်တွင် တာဝန်ကျနေသော လက်ထောက်ဆရာဝန် တစ်ဦးက သူနာပြုနှင့် သူနာပြု ဆရာမ နှစ်ဦးတို့အား ကိုယ်ထိလက်ရောက် စော်ကားမှု၊ ဆဲမှုဆိုများအပေါ် ဆေးရုံအုပ်ကြီးအား တင်ပြခဲ့သော်လည်း ဆေးရုံအုပ်ကြီး အနေဖြင့် ဘက်လိုက်မှု ရှိခဲ့ကြောင်းနှင့် ယင်းအပေါ် သူနာပြုများ အနေဖြင့် လုံးဝ ကျေနပ်မှု မရှိကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး ထိုကဲ့သို့ အလုပ်မဆင်းဘဲ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သူနာပြု ဆရာမများက ပြောကြားသည်။
ဆန္ဒထုတ်ဖော်နေစဉ်အတွင်း ဆေးရုံအုပ်ကြီး ဒေါက်တာစိုးထွန်းအောင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၀န်ထမ်းအချင်းချင်းဖြစ်သည့် ကိစ္စ ဖြစ်သောကြောင့် ကျေအေးသွားကြပြီ၊ ဖြေရှင်းပေးပြီးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး အားလုံး အေးဆေးဖြစ်သွားပြီ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
အဆိုပါ သူနာပြု ၂၀၀ နီးပါးခန့်သည် ကော်ရစ်တာတွင် တန်းစီထိုင်နေခဲ့ကြပြီး ညနေ ၃ နာရီကျော်တွင် ဆေးရုံအုပ်ကြီး အပါအ၀င် ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တိုက်ရိုက်တင်ပြခဲ့ပြီး အချက်လေးချက်ကို တောင်းဆိုခဲ့ရာ သူနာပြုနှင့် သူနာပြုဆရာမအား ကိုယ်ထိလက်ရောက် စော်ကားခဲ့မှုအပေါ် ထိရောက်စွာ အရေးယူပေးရန်၊ အထက်အရာရှိများ အနေဖြင့် ကျောသားရင်သား မခွဲခြားဘဲ တန်းတူဆက်ဆံရန်၊ သူနာပြုများကို သူနာပြုနှင့် မသက်ဆိုင်သော အလုပ်များ မလုပ်စေဘဲ သက်ဆိုင်သော အလုပ်များကိုသာ လုပ်ကိုင်ခွင့်ပြုရန်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သူနာပြုများ၏ စည်းကမ်းစည်းမျဉ်း၊ တာဝန်ယူမှုများကို နိုင်ငံတကာအတိုင်း လွတ်လပ်သော Professional အဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးရန် တို့ကိုလည်း သက်ဆိုင်သူများသို့ တိုက်ရိုက်တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။
သန်းလှိုင် (စစ်တွေ) / 7day
Sign up here with your email
ConversionConversion EmoticonEmoticon