အိမ်တွင်းဖြစ် နာရီကို ဗုံးထင်ကာ အဖမ်းခံရသည့် တက္ကဆက် ကျောင်းသားလေး ကျောင်းထွက်


အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်တွင် အိမ်၌ မိမိဖာသာ လုပ်ထားသောနာရီကို ကျောင်းယူသွားရာ ဆရာများက ဗုံးထင်ပြီး ရဲစခန်းပို့ခံရသည့် မူဆလင် ကျောင်းသားလေး အာမတ်မိုဟာမတ် ကျောင်းက နုတ်ထွက်သွားပြီ ဖြစ်ကြောင်း သိရသည်။

ထိုဧရိယာအတွင်းရှိ ကျောင်းများမှ သားသမီး အားလုံးကို ကျောင်းမှ ထုတ်လိုက်ပြီ ဖြစ်ကြောင်း ဖခင်ဖြစ်သူ မိုဟာမတ် အယ်လ်-ဟာဆန် မိုဟာမတ်က ပြောသည်။ သားငယ် အဖမ်းခံရမှုကြောင့် ကျန် ကလေးများပါ အလားတူ ဆိုးကျိုး သက်ရောက်နိုင်သဖြင့် ကျောင်းမှ ထုတ်လိုက်ရခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။ တက္ကဆက်ပြည်နယ် အိုင်ဗင်းမြို့ မက်အာသာ အထက်တန်းကျောင်းတွင် အာမတ် တက်ရောက်နေစဉ် နာရီကို ဗုံးထင်ပြီး အဖမ်းခံရခြင်း ဖြစ်သည်။

“သားကလည်း မက်အာသာကျောင်း ဆက်မတက်ချင်တော့ဘူး ပြောတယ်။ မက်အာသာကျောင်းမှာ ကျွန်တော့်သား ပျော်နိုင်မယ် မထင်တော့တာနဲ့ ကျောင်းထွက်ခိုင်းရတာပါ”ဟု ဖခင်ဖြစ်သူက ပြောသည်။

အာမတ်ကို လက်ခံမည်ဟု ကမ်းလှမ်းထားသည့် ကျောင်းများစွာ ရှိနေကြောင်း၊ လောလောဆယ်တွင်တော့ အာမတ်ကို မည်သည့်ကျောင်းမှ မရွေးခိုင်းသေးဘဲ လွတ်လွတ်လပ်လပ် အနားယူစေမည် ဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။ အာမတ်သည် ပစ္စည်း အတိုအစများဖြင့် တီထွင်ဖန်တီးရခြင်းကို နှစ်သက်သူလေးဖြစ်ပြီး ထိုအခင်း ဖြစ်စဉ်ကြောင့် အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင်က အာမတ်ကို အိမ်ဖြူတော်လာဖို့ ဖိတ်ခေါ်ထားသည်။

ဖခင် မစ္စတာ မိုဟာမတ်က သားငယ် အာမတ်ကို ကျောင်းခဏနားစေကာ ဆော်ဒီအာရေဗျရှိ မက္ကာသို့ ဘုရားဖူး ပို့ပေးဦးမည်ဟု ပြောသည်။ မက္ကာက ပြန်လာလျှင် သမ္မတ အိုဘားမားနှင့် သွားရောက် တွေ့ဆုံဖို့ အစီအစဉ်လည်း ရှိကြောင်း သိရသည်။

အာမတ်သည် ဂူဂဲက ဦးဆောင် ကျင်းပသော ကလေးများ သိပ္ပံပွဲတွင်လည်း နာမည်ကျော် လူသိများခဲ့သည်။

messenger
Previous
Next Post »
Powered by Blogger.