အမေရိကန်ပြည်ထောင်စုသို့ ထွက်ပြေးလာသော တရုတ် နိုင်ငံရေးသမားများနှင့် ပြည်ပြေးများကို ရှာဖွေဖမ်းဆီးနိုင်ရေး အတွက် ဘေဂျင်းအစိုးရက အေးဂျင့်များ စေလွှတ်နေမှုများကို ရပ်ဆိုင်းရန် ဝါရှင်တန်အစိုးရက သတိပေးလိုက်ကြောင်း VOA သတင်းတစ်ရပ်တွင် ရေးသား ဖော်ပြထားသည်။
တရုတ်အစိုးရသည် ၎င်းကိုဆန့်ကျင်သည့် ပြည်ပြေးနိုင်ငံရေးသမားများ အပေါ် ဖိအားပေးရန် သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းရန် အမေရိကန်ပြည်ထောင်စုသို့ အေးဂျင့်များ စေလွှတ်လျက် ရှိသည်။
အမေရိကန်ပြည်ထောင်စုအတွင်း ထိုသို့ ပြည်ပြေးများကို ဖမ်းဆီးရန် ကြိုးပမ်းမှုသည် အမေရိကန် ရှေ့နေချုပ်ထံသို့ အကြောင်းမကြားဘဲ လုပ်ဆောင်၍ မရကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးပြောဆိုသည်။
“ပြည်ပနိုင်ငံတစ်ခုခုက တရားဥပဒေ စိုးမိုးရေး အေးဂျင့်တစ်ယောက် အမေရိကန် ပြည်ထောင်စုထဲကို ဝင်ရောက်လာပြီး အခုလို လုပ်ကိုင်ဆောင်ရွက်တာဟာ တည်ဆဲဥပဒေတွေ အရ ဒါဟာ ရာဇဝတ်မှု တစ်ရပ်ပါပဲ” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကစ်ဘီက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ တို့သည် U.S-China Joint Laison Group ဟူသည့်အဖွဲ့ကို တည်ထောင်ထားပြီး ရာဇဝတ်မှု ရှောင်ပြေးသူများ၊ အဂတိလိုက်စားသူများ ဖမ်းဆီး ထိန်းသိမ်းရေးအတွက် အတူလက်တွဲ လုပ်ဆောင်လျက် ရှိကြောင်း၊ သို့သော် လုပ်ငန်းစဉ်များ မည်သို့မည်ပုံ လုပ်ဆောင် ရမည်ကို တရုတ်အစိုးရ အရာရှိများ သိရှိစေရန် ရှင်းရှင်းလင်းလင်း အသိပေးထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့သို့ အမေရိကန်ပြည်ထောင်စု အတွင်း တရုတ်အေးဂျင့်များ ဝင်ရောက် လှုပ်ရှားနေမှုများနှင့် ပတ်သက်၍ တရားရေး ဝန်ကြီးဌာနကလည်း ကိုယ်ပိုင်သတိပေး ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားခဲ့သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန် အရာရှိတွေထံ အသေးစိတ် အချက်အလက်နဲ့ သက်သေ အထောက်အထားတွေ ပြပြီးမှ လုပ်ဆောင်လို့ ရမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အကယ်၍ အမေရိကန်ပိုင်နက် အတွင်း တရုတ်အေးဂျင့်များ အကြောင်းကြားမှု တစ်စုံတစ်ရာ မလုပ်ဘဲ ပြည်ပြေး တရုတ်များကို ဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းမည် ဆိုပါက အမေရိကန်ပြည်ထောင်စု အနေနှင့် တရားဥပဒေ စိုးမိုးမှုကို ဖိအားပေး ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ၎င်းက အသိပေး ပြောကြားသည်။
The Voice Weekly
Sign up here with your email
ConversionConversion EmoticonEmoticon