စစ်ဘေးဒဏ်သင့်ရွာသားများ နိုင်ငံသား စိစစ်ရေးကဒ်မရှိ


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက် နေရပ်သို့ ပြန်လည် နေထိုင်သူများ နိုင်ငံသား စိစစ်ရေး ကဒ်ပြားမရှိဟု ဆိုသည်။

စစ်ဒဏ်ကြုံလာသည့် အတွက် မှတ်ပုံတင်များ ပြုလုပ်ရန် အခက်အခဲရှိနေသည်ဟု ကိန္နရာကျေးလက် လူမှုအဖွဲ့အစည်းက ဦးဘော်ရယ်ကပြောသည်။

မှတ်ပုံတင်ရရှိရန် ရပ်ရွာအုပ်ချုပ်ရေးမှူးများက စာရင်းပြုစုပြီး လူဝင်မှု ကြီးကြပ်ရေး ဌာနသို့ တင်ပြပါက လာရောက် ပြုလုပ်ပေးမည်ဟု လူဝင်မှုကြီးကြပ်ရေး ဌာန လက်ထောက်ပြည်နယ်မှူး ဦးသိန်းသန်းကပြောသည်။

“အုပ်ချုပ်ရေးမှူးကနေပြီးတော့စာရင်းကောက်ပေးပေါ့၊ တရွာမှာစာရင်း ဘယ် နှစ်ယောက် ရှိတယ်ဆိုပြီး ဦးတို့ကိုတင်ပြပြီးရင် ဦးတို့ကသွားလုပ်ပေးပေါ့၊ ဦးတို့ကရတဲ့ရွာစာရင်းနဲ့သွားလုပ်ပေးတာပေါ့” ဟု သူက ပြောသည်။

မြို့နယ်များအတွင်း မှတ်ပုံတင်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက လိုက်လံပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

အပစ်ခတ်ရပ်စဲထားသည့် အချိန်တွင် ကယား(ကရင်နီ) ပြည်နယ်ရှိ အချို့သော စစ်ဒဏ်ခံရသည့် ဒေသများတွင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က နိုင်ငံသား စိစစ်ရေး ကဒ်ပြားများနှင့် ပတ်သက်၍ အသိပညာပေးသင့်သည်ဟု ဦးဘော်ရယ်က ပြောသည်။

“အိမ်ထောင်စုစာရင်းတွေရှိမယ်ဆိုရင် ကျနော်တို့ဆီမှာရှိတဲ့ ရပိုင်ခွင့်တွေ ခံစား ပိုင်ခွင့်တွေ ရရှိတယ်။ ၂၀၁၅ခုနှစ်မှာရွေးကောက်ပွဲမှာမှတ်ပုံတင်မရှိဘူး ဆိုရင် မဲထည့်ရာမှာအခက်အခဲရှိမယ်လို့ထင်တယ်” ဟု သူက ပြောသည်။

စစ်ဘေးဒဏ်သင့်ခဲ့သည့် ရှားတောဒေသဖက်တွင် နိုင်ငံသားအခွင့်အရေးဆိုင်ရာ အသိပညာနည်းပါးနေသည်။

သီတာအောင် - ကန္တာဝတီတိုင်း(မ်)
Previous
Next Post »
Powered by Blogger.