ဆံပင်မွေးကို စနစ်တကျ ဆွဲနုတ်တတ်မည် ဆိုပါက ဆံပင်ပို ပေါက်လာအောင် ဖန်တီးနိုင်ကြောင်း အမေရိကန် သုတေသန တစ်ရပ်က ဆိုလိုက်သည်။ဆွဲနုတ်လိုက်သည့် ဆံပင် ပမာဏပေါ် မူတည်ပြီး ခန္ဓာကိုယ်သည် မည်မျှ ထိခိုက် နစ်နာသွားကြောင်း ခန္ဓာကိုယ်စနစ်က အလိုလျောက် အကဲဖြတ်ကာ အသစ် ပြန်ပေါက်အောင် ဖန်တီးပေးလေ့ ရှိသည်။
ကြွက်များကို အသုံးပြု၍ ကြွက်ခန္ဓာကိုယ်မှ အမွေး (၂၀၀) ကို ဆွဲနုတ် လိုက်သည်တွင် အနုတ်ခံရသော နေရာ၌ အမွေး (၁၃၀၀) ထိ ပြန်ပေါက်လာကြောင်း တွေ့ခဲ့ရသည်။ လေ့လာမှု အပြည့်အစုံကို Cell Journal တွင် ထည့်သွင်း ဖော်ပြထားသည်။
ထိုတွေ့ရှိချက်ကို အခြေခံ၍ လူသားများ ထိပ်ပြောင်ခြင်းကို ကုစားနိုင်ဖွယ် ရှိသည်ဟု ပညာရှင်များက မျှော်လင့်ထားသည်။ အမျိုးသားများ အသက် (၅၀) လောက် ရောက်လျှင် ထက်ဝက်ခန့်သည် ထိပ်ပြောင် ကုန်ကြသည်။ ကယ်လီဖိုးနီးယား တောင်ပိုင်း တက္ကသိုလ်မှ ဒေါက်တာ ချန်မင်းချောင်နှင့် အဖွဲ့ က သုတေသနပြုခြင်း ဖြစ်သည်။
အမွေးနုတ် ခံရသည့် နေရာ အစိပ်အကျဲပေါ် မူတည်ပြီး ခန္ဓာကိုယ် တုံ့ပြန်မှု ပြောင်းလဲခြင်း ရှိမရှိကို အဓိက စမ်းသပ်သည်။ ပထမဆုံး အနေဖြင့် (၆) မီလီမီတာ ပတ်လည် အ၀ိုင်းကွက်နေရာ သတ်မှတ်ပြီး ထိုနေရာမှ အမွေးအပင် (၂၀၀) နုတ်သည်။ ထိုနေရာတွင် ဘာအမွေးမှ အစားပြန်ပေါက်မလာ။
ပိုသိပ်သည်းအောင် နောက်ထပ် (၅) မီလီမီတာ ပတ်လည် အ၀ိုင်းကွက် သတ်မှတ်ကာ ထိုနေရာမှ အမွေး (၂၀၀) ထပ်နုတ်သည်။ ထိုနေရာတွင် အမွေး (၁၃၀၀) အစား ပြန်ပေါက်လာသည်။(၄) မီလီမီတာ ပတ်လည် အ၀ိုင်းကွက် သတ်မှတ်ပြီး ထိုနေရာကနေ အမွေး (၂၀၀) နုတ်လိုက်ရာ အမွေး သစ် အပင် (၇၈၀) ပြန်ထွက်လာသည်။
သတ်မှတ် နေရာကနေ ရှိသမျှ အမွေးအားလုံး နုတ်ကြည့်သည့်အခါတွင်ကား အနုတ်ခံရသော အမွေး ပမာဏ အတိုင်းသာ ပြန်ထွက်လာသည်ကို တွေ့ရသည်။ ထိုအဖြစ်ကို ကြည့်ခြင်းဖြင့် ခန္ဓာကိုယ်သည် အနုတ်ခံရသည့် အမွေး သိပ်သည်းဆပေါ် မူတည်ပြီး တုံ့ပြန်မှု ကွာခြားကြောင်း တွေ့ခဲ့ရသည်။
ထိုစမ်းသပ်မှုကို အသုံးပြုကာ လူသားများတွင်လည်း အမွေးများများ ပေါက်စေ၊ နည်းနည်း ပေါက်စေအောင် အမွေးကို ထိန်းချုပ်နုတ်ယူခြင်းဖြင့် ထိပ်ပြောင်ခြင်း ပြဿနာကို ထိန်းချုပ်နိုင်ဖွယ် ရှိကြောင်း သုတေသန အဖွဲ့ခေါင်းဆောင် ဒေါက်တာ ချန်မင်းချောင်က ပြောသည်။
messenger
Sign up here with your email
ConversionConversion EmoticonEmoticon