သင်္ကြန် နှင့် ရေ



မကြာခင်ကပဲ ပန်းပိတောက်တို့ လျှမ်းလျှမ်း တောက်ပွင့်ခဲ့သလို ဟိုနေရာ ဒီနေရာ နေရာ အနှံ့အပြားက လည်း တူးပို့တူးပို့သံတို့ ကြား နေရပေပြီ။ မြန်မာလူမျိုးတိုင်း နှစ်သက်ပျော်ရွှင်ကြသော မဟာသင်္ကြန်အတာ သင်္ကြန် နှစ်သစ်ကူးအခါသမယသို့ ရောက်ရှိပေတော့မည်။

သတင်းစာများ ဂျာနယ်များမှတစ်ဆင့် ရန်ကုန်မြို့ မန္တလေးမြို့ အစရှိသောမြို့ကြီး ပြကြီးများတွင် သင်္ကြန် မဏ္ဍပ် များဆောက်လုပ်ရန်အတွက် ခွင့်ပြုချက် တောင်းခံမှုများ မဏ္ဍပ်ဆောက်လုပ်နေသည်ကိုလည်း မြင်တွေ့နေရပေပြီ ဖြစ်သည်။

ပူပြင်းခြောက်သွေ့သောကာလတွင် ရေကစားကြ ရသည့်အတွေ့အကြုံမှာ အလွန်နှစ်သက်ဖွယ်ရာ ကောင်း လှသဖြင့် ပျိုပျိုအိုအိုလူကြီးလူငယ် ဘိုးဘိုးဘွားဘွား မရွေး သင်္ကြန်အခါသမယကို ဝမ်းမြောက်ဝမ်းသာကြိုဆို တတ် ကြပါသည်။

ကျွန်တော်လည်း သင်္ကြန်ကိုနှစ်သက်ပါသည်။

ရှေးဘုရင်မင်းများလက်ထက်အခါကတည်းက သင်္ကြန် အခါတွင် ရေကစားခဲ့ကြသည်။ ထိုစဉ်ခါကာလတုန်း က တော့ သပြေခက်ဖြင့် ရေပက်ကစားခဲ့ကြသည်ဟု ဖတ်ဖူး မှတ်ဖူးလေ့လာဖူးပါသည်။ ကျွန်တော်တို့ ငယ်စဉ်အခါက အိမ်ရှေ့မှာ ရေဇလုံ၊ ရေဇလားကိုချ၊ ထိုပုံးများ၊ ဇလားများ၊ ဇလုံများထဲမှရေကို ဖလား ကလေးနှင့်ခပ်၍ လမ်းသွားလမ်း လာတို့ကို မမောနိုင်မပန်းနိုင်ပြေးပြေးပက်၍ ပျော်ရွှင်ခဲ့ကြ သည်။

ပိုကဲသော သူငယ်ချင်းတွေကတော့ နို့ဆီခွက်နှင့် ခွက်စောင်းခုတ် ပက်ကြသည်။ နို့ဆီခွက်ကို ဖင်ကကိုင် လက် ပေါ်မှာပက်လက်ထားပြီး ရေအပြည့်ဖြည့်ကာ အပက်ခံလာ သူများကိုအားကုန်လွှဲ၍ ခွက်စောင်းခုတ် လိုက်ပါက နို့ဆီ ခွက်ထဲကရေသည် အရှိန်ဖြင့်အပက်ခံရသူကို ထိမှန်သဖြင့် စပ်ဖျဉ်းဖျဉ်းခံစားရသည့်အ တွက် ''အောင်မယ်လေးတော့ အောင်မယ်လေးတော့'' ဟု အော်ကြသည့် အသံကိုပက်ကြ သူများက အရသာတွေ့ကြသည်။

ကျွန်တော်တို့ငယ်စဉ်ကာလသည် ဆိုရှယ်လစ်ခေတ် ဖြစ်သည့်အတွက် သင်္ကြန်မဏ္ဍပ်ဆိုသည်မှာ အစိုးရ ဌာန ဆိုင်ရာမဏ္ဍပ်များသာ အဓိကရှိခဲ့ကြပြီး ပုဂ္ဂလိကမဏ္ဍပ်မှာ မရှိသလောက်ပင်ရှားခဲ့ပါသည်။ ရေပက် မဏ္ဍပ်တွင် ရေ ကစားကြသူ အရေအတွက်ကများများ ရေပက်ခံကားနှင့် ရေပက်ခံ အရေအတွက်ကနည်း နည်းမို့ နံနက်ရှစ်နာရီ လောက်ရေပက်ခံ စထွက်ကြရသည့် အတွက် အချိန်ပြည့် ရေစိုရွှဲသည့်အရသာကို ခံစားပျော်ရွှင်ခွင့် ရခဲ့ကြပါသည်။

ထိုအချိန်က ကျွန်တော်တို့ရေပက်ခံရသူများကို အဓိက ရေပက်ကြသည်မှာ ရေပုံးများ၊ ရေခွက်များနှင့် နို့ဆီခွက် များသာဖြစ်ကြပြီး ဌာနဆိုင်ရာမဏ္ဍပ်များသို့ ဝင်ရောက်ရေ ပက်ခံရာတွင်လည်း ရိုးရိုးရေပိုက် များဖြင့်သာ ပက်ကြသလို ရေပက်သည်မှာလည်း ကလေးငယ်များကလွဲ၍ အကျနေ့ မှအတက်နေ့အထိ သုံးရက်သာဖြစ်ကြောင်း ယနေ့အထိ တိုင် မှတ်မိနေဆဲဖြစ်ပါသည်။

ယနေ့ခေတ်တွင်မတော့ ကျွန်တော်တို့ခေတ်နှင့်မတူ အလွန်ပင်ခြားနား သွားခဲ့ပြီဖြစ်ပါသည်။

ရေပက်မဏ္ဍပ်များ အားလုံးသည် အနီးဆုံးနေရာရှိရေကန်များ၊ အဝီစိတွင်းများ မှရေများကို ရေစုပ်စက် များဖြင့်စုပ်ယူ၍ သင်္ကြန်အကြိုနေ့ မှစတင်၍ အတက်နေ့အထိ လေးရက်လုံးလုံးပက်နေကြ ပြီဖြစ်ပါသည်။

ထို့အပြင်ရေပက်မဏ္ဍပ်များမှာလည်း ဌာန ဆိုင်ရာမဏ္ဍပ်များအပြင် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်း မဏ္ဍပ် များပါ ပါဝင်ဆင်နွှဲနေကြပြီဖြစ်ပါသည်။

သေချာသည်ကတော့ ရေပိုက်နှင့် ပက်သည်ဖြစ်စေ၊ ရေခွက်နှင့်ပက်သည် ဖြစ်စေ ကျွန်တော်တို့ပက်လိုက် ကြ သော ရေများသည် ရေကောင်းရေသန့်များ ချည်းသာ ဖြစ် ပေသည်။ မည်သူကမျှလည်း ဤသင်္ကြန်အခါ သမယမျိုး တွင် ရေပုပ်ရေဆိုးရေသိုးနှင့်မပက်လိုကြပေ။ ပက်ပါက လည်း အပက်ခံရသူက သေချာပေါက်ပြဿ နာရှာမည် ဖြစ်သည့်အတွက်လည်း ခိုက်ရန်ဖြစ်ပွားကြရမည် သာပင်။

ထို့ကြောင့် ထိုသင်္ကြန်လေးရက်တာကာလအတွင်း ကျွန် တော်တို့ ပက်လိုက်သမျှ ရေအားလုံးနီးပါးသည် လူတို့အ သက်ရှင်သန်ရပ်တည်မှု အတွက် လေပြီးလျှင် ဒုတိယမြောက် အရေးပါအရာရောက်ဆုံး သယံဇာ တဖြစ်သည့် ရေချိုရေ သန့်များပင်ဖြစ်ပါသည်။

လူတို့နေထိုင်ရာဂြိုဟ်ကမ္ဘာ၏ ၇၁ရာခိုင်နှုန်းသည် ရေထုကြီးဖြစ်သကဲ့သို့ လူတို့၏ခန္ဓာကိုယ်တွင်လည်း ရေ ဓာတ်က ရာခိုင်နှုန်း ၇ဝပါဝင်နေပါသည်။

ဦးနှောက်တွင် ရေ ၈၅ရာခိုင်နှုန်း၊ အရိုးတွင် ရေ၁၅ရာခိုင်နှုန်း၊ သွေးတွင်ရေ ၈၂ရာခိုင်နှုန်း၊ အဆုတ်တွင်ရေ ရာခိုင်နှုန်း ၉ဝအထိပါဝင် နေပြီး လူတစ်ယောက်သည် အစားအစာကို၂၁ရက်မစားဘဲ အသက်ရှင်သန် နေနိုင်သော်လည်း ရေကိုမူ သုံးရက်မျှမ သောက်ရလျှင် အသက်သေဆုံး သွားနိုင်သည်ဟု သိပ္ပံပညာ ရှင်များက စနစ်တကျ သုတေသနပြုလုပ် ဖော်ပြထားသည် ကို မှတ်သားခဲ့ရပါသည်။

ကမ္ဘာဂြိုဟ်ပေါ်ရှိ ရေအရင်းအမြစ်အားလုံးတွင် ပင် လယ်သမုဒ္ဒရာများရှိ ရေငန်များက ၉၇ဒသမ ၂ရာခိုင်နှုန်း အထိပါဝင်ပြီး ရေချိုက ၂ဒသမ၈ရာခိုင်နှုန်း သာပါဝင်ပါ သည်။ ထိုရေချို၂ဒသမ၈ရာခိုင်နှုန်းတွင် လေထုအ တွင်းရှိ ရေခိုးရေငွေ့များ မြစ်ချောင်းအတွင်းရှိရေများ၊ ရေချိုကန် များအတွင်းရှိရေများ၊ ရေခဲတောင်များနှင့်ရေ ခဲမြစ်များ၊ မြေ အောက်ရေများစုပေါင်းပါဝင်နေပါသည်။ ထို့ကြောင့်ကမ္ဘာပေါ်ရှိလူတို့လက်ငင်းသုံးစွဲ၍ရ
သောရေ ပမာ ဏမှာ ကမ္ဘာပေါ်ရှိရေပမာဏ အားလုံး၏ သုညဒသမ ၃၁၉၁ရာ ခိုင်နှုန်း ထုထည်အားဖြင့် ကုဗမီတာ ၄၁၂၄၂ဝဝသာရှိပါ သည်။

ထို့အပြင် ကမ္ဘာပေါ်ရှိရေအားလုံးသည် ပုံစံအမျိုးမျိုး၊ အရည်အသွေး အမျိုးမျိုးဖြင့်တည်ရှိနေကြသော်လည်း ထို ရေအားလုံးသည် မည်သည့်နေရာကမျှ ရောက်လာသည်မ ဟုတ်သလို မည်သည့် နေရာကိုမျှလည်း ထွက်သွားမည်မ ဟုတ်သော 'အပိတ်စက်ဝန်း'ဖြင့်သာ တည်ရှိနေကြပါသည်။

ဆိုလိုသည်မှာ ကမ္ဘာပေါ်ရှိရေအားလုံးသည် ကမ္ဘာကြီးဖြစ် တည်လာကတည်းက တည်ရှိနေခဲ့ပြီး ကျွန်တော် တို့ငယ်စဉ် ကတည်းက အထွေထွေသိပ္ပံဘာသာရပ်တွင် သင်ကြားခဲ့ ရသော ရေသံသရာလည်ပုံ အတိုင်း ရေခဲတောင်၊ ရေခဲမြစ် များ၊ မြစ်ချောင်း၊ အင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများ၊ ရေခိုးရေငွေ့များ၊ မြေအောက်
ရေများအဖြစ် ပြောင်းလဲ တည်ရှိသံသရာလည်နေကြခြင်းဖြစ်သည်ဟု ဆိုလိုပါသည်။

သို့သော် ကမ္ဘာပေါ်ရှိရေထုပမာဏမှာ မတိုးမလျော့ ဘဲ အမြဲပုံသေရှိနေသော်လည်း ကမ္ဘာပေါ်ရှိ လူဦးရေအ ရေအတွက်မှာမူ တစ်စတစ်စတိုးတက်များပြားလာလျက် ရှိနေပါသည်။

ထိုတိုးတက်လာသောလူဦးရေကြောင့် လွန် ခဲ့သောနှစ်ပေါင်း ၅ဝခန့်အတွင်း လူတို့၏ရေသုံးစွဲမှုပမာ ဏမှာ သုံးဆအထိတိုးတက်များပြားလာလျက်ရှိပါသည်။ လူဦးရေတိုးလာသော်လည်း ကမ္ဘာ့ရေပမာဏသည် အ တိုးအလျော့မရှိဘဲ ပုံသေတည်ရှိနေသည့်အတွက် ကမ္ဘာ့ လူသားတစ်ဦးချင်းစီအတွက် ရရှိသောရေခွဲတမ်း ပမာဏ မှာ တစ်စတစ်စယုတ်လျော့လျက်ရှိပါသည်။

ထို့အပြင်လူ ဦးရေတိုးတက်လာသည်သာမက လူတို့၏နေထိုင်မှုပုံစံ များပြောင်းလဲလာခြင်း၊ တိုးတက်လာ
သောလူဦးရေပမာဏ တို့ စားရေးအတွက် စိုက်ပျိုးမှုပုံစံများပြောင်းလဲလာခြင်း၊ စက်ရုံအလုပ်ရုံများ များပြား လာခြင်း စသည့်အချက်တို့ ကြောင့် ထိုပုံသေပမာဏရှိသောရေထုအ တွင်းသို့ လူနေ မြို့ရွာ၊ စိုက်ခင်း၊ စက်ရုံအလုပ်ရုံများမှ ရေဆိုးများ၊ စွန့်ပစ် ရေများသည် တန်ချိန်သန်းပေါင်းများစွာနေ့စဉ်စီးဆင်း ဝင်ရောက် လျက်ရှိသဖြင့် လူသားအားလုံးတို့ ဝိုင်းဝန်းသုံးစွဲ နေကြရသောရေကောင်းရေသန့်များသည် ရေဆိုးများအ ဖြစ်သို့ လျင်မြန်စွာပြောင်းလဲရောက်ရှိနေကြရပါသည်။

ထို့အပြင် ယနေ့ကမ္ဘာတွင် ကမ္ဘာ့လူသားအားလုံး ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာမှာ ကမ္ဘာ့အပူချိန်များ နှစ်စဉ်နှစ်တိုင်းတိုးတက်လာနေခြင်းနှင့် ထိုကဲ့သို့ ကမ္ဘာ့ အပူချိန်တိုးတက်လာခြင်းကြောင့် ရာသီဥတု ဖောက်ပြန် ပြောင်းလဲခြင်း ပြဿနာတို့ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း ကမ္ဘာ့အပူချိန်တိုးတက်လာခြင်း၏အဓိကတရားခံဖြစ်သော စက်ရုံအလုပ်ရုံများ၊ ယာဉ်ရ ထားများ၊ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများမှ ထွက်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို သဘာဝအလျောက် စုပ်ယူ၍ အပူချိန်ကို လျော့ကျစေပြီး ရာသီဥတုကို သမမျှတစေသောကမ္ဘာ့သစ် တောကြီးများသည်လည်း လူတို့၏ပယောဂကြောင့်ပင် လျင်မြန်သောနှုန်းဖြင့် ကမ္ဘာ့မြေပေါ်မှတစ်စတစ် စပျောက် ကွယ်နေရပြန်ပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း သစ်တောများ ပြုန်းတီးခြင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း၊ အပူ ချိန်တိုးလာခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲလာ ခြင်း၊ လူဦးရေတိုးတက်များပြားလာခြင်း၊ သဘာ ဝပတ်ဝန်း ကျင်ကိုအကြီးအကျယ်ထိခိုက်ပျက်စီးစေသောသတ္တုတူး ဖော်ခြင်း၊ ရွှေထုတ်လုပ်ခြင်း၊ ကျောက် တူးခြင်းစသည့် လုပ် ငန်းများကို အတိုင်းအဆမဲ့ ဆောင်ရွက်လာခြင်း၊ အမှိုက် စွန့်ပစ်ခြင်းစသည့်ပြဿနာ များကြောင့် မြန်မာနိုင်ငံ၏အထင်ကရရေချိုအိုင်ကြီးများဖြစ်ကြသည့် ကချင်ပြည်နယ် ရှိအင်းတော်ကြီးရေ အိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်း လေးကန်၊ ချင်းပြည်နယ်ရှိ ရိဒ်ရေကန်စသည်တို့သည် တစ် စတစ် စလျော့နည်းလာခြင်း၊ ရေညစ်ပတ်လာခြင်း၊ ကန် ရေပြင်ဧရိယာများလျော့နည်းလာခြင်း၊ ထိုရေကန်များအ တွင်းရှိ ဂေဟစနစ်များပျက်စီးယိုယွင်းလာခြင်းပြဿနာ များနှင့်ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပါသည်။

ထို့အပြင် မြစ်ညာဒေသများရှိသစ်တောကြီးများ ပျောက်ဆုံးကုန်ခြင်း၊ ရေဝေရေလဲဧရိယာရှိသစ်တောများ သည် သစ်တောများအဖြစ်မှ အခြားမြေအသုံးချမှုများအ ဖြစ်သို့ပြောင်းလဲသွားခြင်း၊ မြစ်များအတွင်း မြစ်ကူး တံတား ကြီးများဆောက်လုပ်ခြင်းစသည်တို့ကြောင့် မြန်မာနိုင်ငံ အတွင်းရှိ ရေချိုမြစ်ကြီးများ သည်လည်း မြစ်ကြမ်းပြင်မြင့် တက်လာခြင်း၊ သောင်ထွန်းခြင်း၊ မြစ်ကြောင်းပြောင်းလဲ ခြင်း၊ ရေပမာဏလျော့နည်း လာခြင်း စသည့်ပြဿနာများ ကိုလည်း မြင်တွေ့နေရပြီဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ရာသီဥတုအားဖြင့် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါး စလုံးကိုရရှိပိုင်ဆိုင်ထားခြင်း၊ မြေမျက်နှာ သွင် ပြင်အားဖြင့်လည်း ပင်လယ်ကမ်းရိုးတန်းဒေသမြေနိမ့်လွင် ပြင်ဒေသ၊ တောင်ကုန်းတောင်တန်း ဒေသစသဖြင့် မြေမျက် နှာသွင်ပြင်အမျိုးမျိုးကို ပိုင်ဆိုင်ထားခြင်း၊ ရေအရင်းအ မြစ်အနေနှင့်လည်း ရေခဲဖုံး
တောင်ကုန်းတောင်တန်းများ ကိုပိုင်ဆိုင်ထားခြင်း၊ ရေချိုမြစ်ကြီးများစီးဆင်းနေခြင်း၊ သဘာဝသစ်တောကြီး များ ဧရိယာများစွာ တည်ရှိနေခြင်း စသည့်အချက်များကြောင့် ရှေးယခင်ဘုရင်များအုပ်စိုးသည့် သက်ဦးဆံ ပိုင်ဘုရင်ခေတ်မှ ယနေ့ကာလအထိ စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင် နေဆဲတိုင်းပြည် တစ်ပြည်သာဖြစ်ပါသည်။

မြန်မာနိုင်ငံလူဦးရေ၅၁ဒသမ၄၃သန်း(၂ဝ၁၄)၏ ရာခိုင်နှုန်း ၇ဝခန့်သည်လည်း ကျေးလက်များတွင် နေထိုင် ကြပြီး ထိုကျေးလက်နေလူထု၏ အဓိက စီးပွားရေးလုပ်ငန်း သည်လည်း စိုက်ပျိုးရေးလုပ်ငန်းသာ ဖြစ်နေ ဆဲပင်ဖြစ်ပါ သည်။ ထိုစိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းရေး နှင့် တိုင်းသူပြည်သား အားလုံးတို့၏ နိစ္စဓူဝနေ့စဉ်ဘဝအ တွက် မရှိမဖြစ်လိုအပ်သော ရေကောင်းရေသန့်များလုံလုံ လောက်လောက်ရရှိရေး သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာ ကွယ်ရေးအတွက် အဓိကအရေးကြီးသော ကဏ္ဍတစ်ရပ် ဖြစ်ပါသည်။

ထို့ကြောင့် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရေချိုအ ရင်းအမြစ်များကို ပြန်လည်ထိန်းသိမ်းရန်အတွက် ပညာ ရှင် များက အကြံပြုထားသည့် အချက်များဖြစ်သည့်-

၁။ ရေချိုအရင်းအမြစ်များလျော့နည်းမှုအပေါ် အ လေးထားဆောင်ရွက်ရန်၊
၂။ လူထုရေပေးဝေရေးစနစ် တွင် ယိုစိမ့်မှု၊ ပြုန်းတီးမှုများ လျော့နည်း စေရန်အတွက် စီမံဆောင်ရွက်ရန်၊
၃။ အိမ်တွင်းသုံးစွဲမှုလျော့နည်းစေ ရန်အတွက် အုပ်ချုပ်ရေးအဖွဲ့များက ပညာပေးစည်းရုံး ရန်၊ ၄။ အိမ်တွင်းရေသုံးစွဲမှုလျော့ကျစေရန် ရေသုံးစွဲမှု ပမာဏကိုထိန်းချုပ်လျော့ကျစေသောကိရိယာများတပ် ဆင်အသုံးပြုရန်၊
၅။ အိမ်တွင်းသုံးစွန့်ပစ်ရေအချို့ကို ပြန်လည်သုံးစွဲရန်၊
၆။ ပန်းခြံများ၊ မြက်ခင်းများအား ထိ ရောက်သောရေပေးနည်းစနစ်များဖြင့် ရေလောင်းရန်၊
၇။ စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေဆုံးရှုံးမှုလျော့နည်းလာ စေရန်အတွက် Drip Irrigation စနစ်တကျတွက်ချက်၍ အစက်ချရေပေးနည်းစနစ်ကိုအသုံးပြုရန်၊
၈။ စက်ရုံအ လုပ်ရုံများမှ စွန့်ပစ်ရေများကိုသန့်စင်ပြီး ပြန်လည်သုံးစွဲရန်၊
၉။ ပင်လယ်ရေငန်များကို ရေချိုအဖြစ်ပြောင်းလဲနိုင်သော နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ကျွန်တော် တို့မြန်မာနိုင်ငံတွင်လည်း စတင်ဆောင်ရွက်သင့်ပြီဖြစ် ကြောင်း အကြံပြုတင်ပြလိုပါသည်။

များမကြာမီအချိန်အတွင်း ကျွန်တော်တို့မြန်မာတစ် နိုင်ငံလုံးပျော်ရွှင်စွာ ဆင်နွှဲကြမည့် မဟာသင်္ကြန် အတာ သင်္ကြန်အခါသမယသို့ ရောက်ရှိတော့မည်ဖြစ်ပါသည်။

မြို့ ကြီးပြကြီးများတွင် ရေကစားမဏ္ဍပ်ကြီးများက ရေစုပ်စက် ကြီးများ၊ မီးသတ်ပိုက်များ၊ ရေပိုက်များရာနှင့်ချီ ၍သုံးစွဲ ပြီး တစ်ရက်တစ်ရက်လျှင် ရေချိုရေသန့်ဂါလန်ထောင် ပေါင်းများစွာကို ပက်ဖျန်း၍ ဆော့ကစားပျော် ပါး ကြပေဦး မည်ဖြစ်ပါသည်။

ထိုကဲ့သို့မြို့ကြီးပြကြီးများရှိ လမ်းမကြီးများပေါ်တွင် ရေဂါလန်ထောင်ပေါင်းများစွာကို ချောင်းရေမြစ်ရေများဒ လဟော စီးဆင်းသလိုပက်ဖျန်းဆော့ကစားနေကြချိန်တွင် ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ ပိုက်သင်ရွာမှ ကလေး များ၏ အတာသင်္ကြန်ကိုဆင်နွှဲ နေကြပုံကိုလည်း နှိုင်းယှဉ် ခံစားကြည့်ရှုနိုင်ကြစေရန်အတွက် ဖော်ပြပေး လိုက်ရပါ သည်။

ကျမ်းကိုး-ရေခြေရာ-အငြိမ်းစားပါမောက္ခချုပ်ဦး ဝင်းကြည်-သစ်တောတက္ကသိုလ်၊ ရေကြည်တစ်ပေါက်- ကျော်ဦး၊ ရေပေးပါ- ပိန်းပိန်ဘာသာပြန်ဆိုသည်။

ကိုရင်လှ - Yangon Media Group
Previous
Next Post »
Powered by Blogger.