နီပေါငလျင် အပျက်အစီးများအောက် ပိတ်မိနေသူ ကျင်ငယ်ရည်သောက်ပြီး (၈၂)နာရီကြာ အသက်ရှင်ခဲ့


နီပေါငလျင်ကြီး လှုပ်ခတ်အပြီး အပျက်အစီးများအောက် ပိတ်မိနေရာမှ လွတ်မြောက်လာသူ တစ်ဦးသည် အသက်ရှင် ရပ်တည်ရေးအတွက် ၎င်း၏ ကျင်ငယ်ရည်ကို ပြန်လည် သောက်သုံးခဲ့ရကြောင်း သိရှိရသည်။

အသက်(၂၇)နှစ် အရွယ်ရှိ ရာရှီ ခါနဲလ်ကို ငလျင်ကြီး လှုပ်ခတ်အပြီး (၈၂)နာရီအကြာတွင် ပြင်သစ် ကယ်ဆယ်ရေး အဖွဲ့တစ်ခုက အပျက်အစီးပုံအောက်မှ ဆွဲထုတ်နိုင်ခဲ့သည်။ ခါနဲလ်သည် ခတ္တမန္ဒူ မြို့တော်ရှိ ဟိုတယ်တစ်ခု၏ ဒုတိယထပ်တွင် နေ့လယ်စာစားပြီးကာစ အချိန်၌ ရုတ်တရက် ဖြစ်ပွားသော ကပ်ဘေးကြီးနှင့် ကြုံခဲ့ခြင်း ဖြစ်သည်။

ငလျင်ကြောင့် ဟိုတယ်တစ်ခုလုံး ပြိုကျသွားပြီး ၎င်း၏ ခြေထောက်သည် အပျက်အစီးများအောက် ညပ်မိနေသဖြင့် ရုန်းမထွက်နိုင်ဘဲ ပိတ်မိနေခြင်း ဖြစ်သည်။ “ကျွန်တော် မျှော်လင့်ချက်တော့ ထားခဲ့ပါတယ်။ ဒါပေမဲ့ မနေ့ကတော့ တဖြည်းဖြည်း လက်လျှော့ချင်စိတ် ပေါက်လာတယ်။ ကျွန်တော့် လက်သည်းတွေ ဖြူရော်ကုန်ပြီး နှုတ်ခမ်းသားတွေပါ အက်ကုန်တယ်။ ကျွန်တော့်ဆီကို ဘယ်သူမှ ရောက်မလာလောက်တော့ဘူးလို့ အတွေးဝင်လာတယ်။ အဲဒီမှာပဲ ကျွန်တော် သေတော့မယ် ဆိုပြီးတော့လေ”ဟု ဧပြီ ၂၈ ရက်တွင် ဆေးရုံပေါ်၌ သတင်းထောက်များကို ၎င်းက ပြောကြားခဲ့သည်။

ခါနဲလ်ကို ရှာတွေ့ချိန်တွင် ၎င်း၏ ပတ်ဝန်းကျင်၌ လူသေအလောင်း ပြန့်ကျဲနေပြီး အနံ့အသက်မှာလည်း အလွန်ဆိုးရွားနေခဲ့ကြောင်း သိရသည်။ ခါနဲလ်က (၈၂)နာရီလုံးလုံး ကြာမြင့်ပြီးနောက် အဆိုပါ အပျက်အစီး အုတ်ပုံကြီးသည် မိမိအတွက် သင်္ချိုင်းအုတ်ဂူသဖွယ် ခံစားလာရကြောင်းလည်း ဝန်ခံခဲ့သည်။

“အထဲကနေ ဘယ်လိုအော်အော် အပြင်က မကြားရဘူး။ အပြင်က ဘာအသံမှလည်း အထဲကို ဝင်မလာဘူး။ အပျက်အစီးပုံတွေကို ထုနှက်ပြီး အသံထွက်အောင် လုပ်တယ်။ နောက်ဆုံးမှာတော့ တုံ့ပြန်တဲ့ အသံသဲ့သဲ့ ကြားလာရတာပဲ။ အဲဒီအတောအတွင်း ကျွန်တော်ဘာမှ မစားခဲ့ရဘူး။ သောက်စရာရေလည်း မရှိဘူး။ ကိုယ့်ကျင်ငယ်ရည် ကိုယ်ပြန်သောက်ခဲ့ရတယ်”ဟုလည်း ဆိုသည်။ ခါနဲလ်သည် ပြိုကျခဲ့သည့် ဟိုတယ်မှ ဝန်ထမ်းတစ်ဦးလော၊ ဧည့်သည်တစ်ဦးလော ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

“အခုတော့ အခြေအနေ ကောင်းလာပါပြီ။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ ဆေးရုံတွင် ခါနဲလ်၏ မိသားစုများ စုံစုံညီညီ ရောက်ရှိနေပြီး ၎င်းကို ခွဲစိတ်ကုသမှုအချို့ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

ဧပြီ ၂၅ ရက်က နီပေါနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်သွားသည့် ရစ်ခ်ျတာစကေး (၇.၈) အဆင့်ရှိ ငလျင်ကြီးကြောင့် ယခုအချိန်ထိ သေဆုံးသူ (၄၇၀၀)ကျော် စာရင်းရရှိထားပြီး (၈၀၀၀)ကျော် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ငလျင်ကြောင့် အိန္ဒိယနှင့် တိဘက်တို့တွင်လည်း လူပေါင်း(၁၀၀)ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

7 day
Previous
Next Post »
Powered by Blogger.