ကျွန်ုပ်အား လူအများက လွန်စွာမြတ်နိုးလေးစား တန်ဖိုးထားကြ၏


(တစ်)

အမှာစာ။ ။

အောက်တွင် ဖော်ပြလတ္တံ့သော စာတန်းငယ်သည်၊ ကျွန်ုပ်၏အနီးနေ လက်ရင်းတပည့် တဦးဖြစ်သူ မောင်ကပ္ပလီ၏ ပွဲဦးထွက်လက်ရာ ဖြစ်၏။ သူသည် ကျောင်းနေပညာအားဖြင့် သင်ရိုးကုန်အောင်ဆည်းပူးနိုင်ခဲ့သူ မဟုတ်သော်ငြား၊ စာရေးစာဖတ်ခြင်းတို့၌မူ ဝါသနာအလေ့ထုံသည်ကို ကျွန်ုပ်ကောင်းစွာ သတိပြုမိသည်။

တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး၊ အတုမြင်အတတ်သင်ဟူသော ဆိုရိုးစကားတို့အတိုင်း မောင်ကပ္ပလီသည် ကျွန်ုပ်စာတိုပေစတချို့ရေးသားနေသည်ကို အားကျအတုယူလျက် ကျွန်ုပ်ကို အဓိကဇာတ်ကောင်အဖြစ် စိတ်ကူးယဉ် ဖန်တီးကာ ကြီးစွာသောလုံ့လဖြင့် မည်သည့်စာအမျိုးအစားဟူ၍ ခွဲခြားဖော်ပြရန်ခက်ခဲသည့် စာတပုဒ်ကို အစမ်းသဘော ရေးသားကာ ကျွန်ုပ်အားဖတ်စေခဲ့၏။ တဆက်တည်းမှာပင်၊ ၎င်းစာမူ၏အကျအပေါက်နဲ့ အခြား လိုအပ်ချက်တို့ကို ဖြည့်စွက်ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံခဲ့ရာ၊ အာစရိယဂိုဏ်းဝင် ကျွန်ုပ်အနေဖြင့် တပည့်ကျော်၏ ဝါသနာ ကောင်းအား မြေတောင်မြှောက်ပေးရမည့် ဝတ္တရားရှိသည်နဲ့ အညီ၊ လိုအပ်မည်ထင်ရသော၊ သဒ္ဒါဝါကျအထားအသိုအနည်းငယ်ကို ထောက်မပြင်ဆင်လျက် မူရင်းအာဘော်မပျက်စေပဲ အတန်ငယ် တည်းဖြတ်သုတ်သင်ကာ သူ၏ လက်ရာကို စာဖတ်သူတို့ မြည်းစမ်းနိုင်ရန် မိတ်ဆက်ပေးလိုက်ရပေသည်။

ယင်းစာ၌ သူရချင်ရောက်ချင်သော ဘဝတခုကို စိတ်ကူးပုံဖော်လျက်၊ ဆြာသမား၏ဂုဏ်ကို မြင်ယောင်ကြားယောင်ဖြစ်လာအောင် ဖတ်ချင့်စဖွယ်စန်းတင်ဖွဲ့ဆိုထားချက်ကို တွေ့မြင်နိုင်သည်။

သူ၏စာတွင်၊ အချို့နေရာများ၌ ကျွန်ုပ်၏ရေးဟန်များ မသိမသာရောစွက်လျက်၊ ကျွန်ုပ်နည်းတူ ကဘောက်တိကဘောက်ချာ ဖြစ်နေသည်ကို သတိချပ်မိသော၊ စာဖတ်သူတို့အနေဖြင့် လက်သင်တပည့်အား နားလည်ခွင့်လွှတ်ကြစေလိုကြောင်းနှင့် သူသည် နောင်တချိန်ကျွန်ုပ်ကဲ့သို့ပင် အစိုးရလူကြီးမင်းများ အမြင်ကပ်သည့်ကလောင်ရှင်တဦး သေချာပေါက်ဖြစ်လာမည်ဟု မျှော်လင့်ရပါ၏။

ဆြာဒင်(ရွာပြင်)

ခေတ္တ၊ ဖူးခက်ကျွန်း

ထိုင်းနိုင်ငံတောင်ပိုင်း၊

ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ မတ်ခ်ျလ ၂၈ ရက်။ ။

(နှစ်)

“ချစ်သောအာစရိ”

(မောင်ကပ္ပလီရေးသည်)

ကျနော်၏အမည်သည် ကပ္ပလီ ဖြစ်ပါသည်။ ကျနော်၏ဖခင်မှာ ဦးဘ၊ မိခင်မှာ ဒေါ်ကုလားမ ဖြစ်ပါသည်။ မွန်ပြည်နယ်၊ ဘီလူးကျွန်းဇာတိဖြစ်သော ကျနော်သည် ၆ တန်း အောင်ခဲ့ပြီး၊ မိဘများ ဆင်းရဲသောကြောင့်၊ ကျောင်းမှ ထွက်ခဲ့ရပါသည်။ ထို့နောက် စစ်ထဲသို့ ဝင်ရောက်ပြီး၊ တပ်ကြပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

စစ်တပ်ထဲတွင် ကျနော့်ဆရာ ဗိုလ်ကြီးဒင်နဲ့ စတင်သိကျွမ်းခဲ့ပါ၏။ သူသည် သူ၏ဖိနပ်ကို တိုက်ပေးရန် ကျနော်အား တာဝန်စတင်ပေးခဲ့ရာ၊ အလွန်ပြောင်သဖြင့် ကျနော့်ကို သူသဘောအလွန်တရာ ကျသွားပါသည်။

ထို့နောက် ကျနော်သည် သူ၏လက်စွဲတော်အနီးကပ်တပည့် ဖြစ်လာပါတော့သည်။ ကျနော်၏ဆရာသည် ဗိုလ်ကျောင်းဆင်းဖြစ်၍ ထိုဗိုလ်ဆရာနဲ့ ကျနော် ရှေ့တန်းစစ်မြေပြင် တိုက်ပွဲများတွင် အကြိမ်ပေါင်းများစွာအတူ တိုက်ပွဲဝင်ဖူးရာ၊ ပြင်းထန်သောတိုက်ပွဲများဖြစ်လေတိုင်း၊ ကျနော့်ဗိုလ်ဆရာသည် လှစ်ကနဲလှစ်ကနဲ၊ ပျောက်ခြင်းမလှ ပျောက်သွားတတ်လေရာ၊ ကျနော် သူ့ကို စိုးရိမ်တကြီး လိုက်ရှာသည့်အခါ ကတုတ်ကျင်းထဲတွင် ခေါင်းပု ၍ ဝပ်နေသည်ကို အမြဲလိုလို တွေ့ရလေ့ရှိပါ၏။ ထိုကြောင့် ကျနော့်ဆရာအား၊ သူနှင့် ကျောင်းဆင်းဖက်ဗိုလ်များက ကတုတ်ကျင်း ဗိုလ်ဟု၊ ကွယ်ရာတွင် နောက်ပြောင်ခေါ်ဝေါ်ကြသဖြင့် ကတုတ်ကျင်းဗိုလ်ဟူသောနာမည်တလုံး ရလာလေ၏။

ထိုနာမည်ပြောင်ကို ကျနော်ဆရာ ဘယ်ကနေကြားမှန်းမသိ။ ငါလိုဗိုလ်၊ လွယ်လွယ်ကျလို့ မဖြစ်၊ တပ်သားဆိုတာ ဘယ်လမ်းဘေးလျှောက်ရှာရှာ အလွယ်လေးဟု ဆင်ခြေ ပေးတတ်ပါသည်။

သို့သော် သူသည် အလွန်ရာထူး အတက်မြန်ခဲ့ပါ၏။ စစ်သက် ၁၅ နှစ်ကျော်အတွင်း၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိခဲ့ရာ၊ ကျနော်သည်လည်း မူလဒုံရင်းတပ်ကြပ်ရာထူးဖြင့် သူ၏အိမ်တော်ပါတပည့် ဖြစ်လာပါသည်။ သူသည် ထိုစဉ်က ကာကွယ်ဦးစီးချုပ်၏ တူအရင်း ဖြစ်သောကြောင့်၊ ကတုတ်ကျင်းအတွင်းမှသည် ဗိုလ်ချုပ်ကြီးဖြစ် လာသည်ဟု၊ ကျောင်းဆင်းဘက် အချင်းအချင်း သွားပုပ်လေလွင့် ပြောကြပါ၏။ ကျနော်၏အနေဖြင့်မူ၊ ဗိုလ်ချုပ်ကြီးချင်းအတူတူ ကျနော့်ဗိုလ်ချုပ်ကြီးက နှစ်မူးသာသည်ဟု ဆိုချင်ပါသည်။

(သုံး)

ထိုမှသည် ရန်ကုန်တိုင်းစစ်တိုင်းမှူး ဖြစ်လာပြန်ပါသည်။ ထိုကာလက၊ တနိုင်ငံလုံးတွင်၊ လမ်းတံတား၊ အဆောက်အဦးအများအပြား တည်ဆောက်နေချိန်ဖြစ်ရာ၊ ကျနော့်ဆရာသည် အဆိုပါလမ်းသစ်၊ တံတားသစ်၊ အဆောက်အဦ သစ်ဖွင့်ပွဲတို့အပြင်၊ ရေလောင်းအိမ်သာ အသစ်ဖွင့်ပွဲကိုပါမကျန်၊ ဝါသနာအရ မပျက်မကွက်၍ ကတ်ကျေးတလက်ဖြင့် တက်ရောက်လေ့ ရှိရာမှ၊ သူ၏အမည်သည် ဗိုလ်ကတ်ကျေးဟူ၍ ထင်ရှားလာပြန်ပါသည်။

ထို့နောက် ၂၀၁၀ ခုနှစ်တွင် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလာခဲ့ရာ၊ အခြားဗိုလ်ချုပ်ကြီးများ အနေဖြင့် အမတ်တနေရာအတွက် မျက်ကလဲဆံပြာ ဖြစ်နေကြရချိန်တွင်၊ ကျနော်ဆရာကား၊ အောင်လံထူစစ်သူကြီးပွဲဟူသောစကားအတိုင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့တွင် ၀န်ကြီးချုပ်ရာထူး ရလာပြန်ပါသည်။

ထိုအချိန်တွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ စည်ပင်သာယာဈေးကြီးတချို့ မကြာခဏမီးလောင်မှုများ ဖြစ်ပွားခဲ့ရာ ထိုမီးသည် ကျနော့်ဆရာ၏ လက်ချက်ဟု၊ အကင်းပါးသူများသူက ထောက်ပြကြရာမှာ ရှို့မီးမောင်ဒင်ဟူသော ဂုဏ်ပုဒ်တခု တိုးလာပြန်ပါသည်။ ကျနော်ကမူ၊ လူကြီးလူကောင်းစာရင်းဝင်ဆရာသမားအား စိုးစဉ်းမျှ သံသယ မဝင်မိခဲ့ကြောင်း ရိုးသားစွာ ပြောလိုပါ၏။

သူသည် တိုင်းဝန်ကြီးချုပ်ရာထူးရလာခါစက၊ ကျင်းပခဲ့သောအခမ်းအနားတခုတွင် ဒီမိုကရေစီ ခေါင်းဆောင်အမျိုးသမီးကြီးနဲ့ အတူ တက်ရောက်ခဲ့ဖူးရာ၊ အချို့သောသူများအနေဖြင့် အလွန်တအံ့တသြ ဖြစ်သွားကြသော်လည်း တပည့်ရင်းဖြစ်သူ ကျနော်ကမူ၊ ဟန်ဆောင် ကောင်းသော ကျနော့်ဆရာ၏အကွက်ကို ကြိုသိနေသဖြင့်၊ ရီချင်ပါသည်။

အမှန်စင်စစ် ကျနော်ဆရာသည် လူတကိုယ်လုံး ဉာဏ်နီဥာဏ်နက် ဖုံးနေသူဖြစ်ရာ၊ ထိုဆရာမျိုးကို ဆရာတော်ရသော ကျနော်အဖို့ အလွန်တရာကံထူးသည်ဟု ဆိုနိုင်ပါ၏။ အခွင့်သာသည်ဖြစ်၍ ကျနော့်ဆရာ အလွန်ပြောင်မြောက်သောရိုက်ချက်တခုအကြောင်း ပြောချင်ပါသေးသည်။

အဆိုပါ ဧရာမခွင်၊ မဟာရိုက်ချက်မှာ ဒလတဖက် ကမ်းတွင် တည်ဆောက်မည့် မြန်မာ့စေတနာ မြို့သစ်စီမံကိန်းကြီးပင် ဖြစ်ပါသည်။ ကျနော်ဆရာက အဆိုပါ ခွင်ကြီး အတွက်၊ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး၏ ကျောထောက်နောက်ခံဖြင့်၊ သမ္မတထံ နှစ်ကိုယ်ကြား ချဉ်းကပ် စည်းရုံးခဲ့ရာ၊ ကျနော်ဆရာ၏ ဇကို သိနေသောသမ္မတကြီးခမျာ ငြင်းပယ်ရန်အင်အား မရှိခဲ့ချေ။

(လေး)

ကျနော်ဆရာ၏ ရာဇဝင်ပြောင်ပုံမှာ သမိုင်းဆရာအဆူဆူ သြချလောက်ပါ၏။ အမေရိကန်သန်းဘီလျံနဲ့ ချီ၍ ကုန်ကျမည့်စီမံကိန်းကြီးအတွက်၊ နောက်ဆုံး အတည်ပြုချက် ရယူရန်၊ လွှတ်တော်အစည်းအဝေးသို့၊ သူကိုယ်တိုင်ပင်မသွား၊ မြို့တော်ဝန်ကို အငှားဗိုက်ဖြင့် ဓားထိုးခံခိုင်းသည်အထိ ဇယားနိုင်သူ ဖြစ်ပါသည်။

သို့သော် ထိုတချီတွင် ကျနော့်ဆရာ ကံမကောင်းခဲ့ပါ။ အဆိုပါ စီမံကိန်းကြီးတွင်၊ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး၏ သမီးများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်း၊ ရှောက်စန်း ညီအကို ၂ ဦးတို့ ပါဝင်နေသည့်အပြင်၊ ရွှေပြည်သာစက်မှုဇုန်တွင် မတည်ငွေ မြန်မာ ကျပ်သိန်း ၇၀ ခန့်ဖြင့်သာ၊ ဟန်ပြသဘော ဖွင့်လှစ်ထားသည့် လျှို့ဝှက်ကိစ္စများ ပေါက်ကြားသွားခဲ့ပြီး၊ စားရခါနီးမှ၊ ပါးစပ်ဝတွင် ပြုတ်ကျသွားခဲ့ပါသည်။

လူတကာ ထင်မှတ်မထားသည့် အချီကြီးပွပေါက်ကို ဆင်ကြံကြံနိုင်သည့် ကျနော့်ဆရာ အား တနိုင်ငံလုံး လန့်ဖျန့်သွားရသည် ဖြစ်ရာ၊ တပည့်တဦးဖြစ်သော ကျနော်အနေဖြင့်၊ ဆရာ့အရှိန်အဝါကြောင့် များစွာဂုဏ်တက်ရပါ၏။

ထိုမျှမကသေးပါ။ ရန်ကုန်မှာ ဖြစ်ဖြစ်သမျှ ကျနော်ဆရာ၏ လက်ရာချည်း ဖြစ်ပါ၏။ ကျူးကျော်တဲများကို ဘူဒိုဇာဖြင့် ထိုးကော်သည့်ကိစ္စ၊ အလုပ်သမားလစာ တိုးတောင်းသည့်သပိတ်၊ ကျောင်းသားလှုပ်ရှားမှုအပါအဝင်၊ လူထုနဲ့ ထိပ်တိုက်ရင်ဆိုင်ရသောကိစ္စများကို သေချာကျနစွာ ဖြေရှင်းနိုင်ရန်၊ ထောင်ထွက်လူမိုက် ကလေကချေများကို မိဘပြည်သူ အမည်ခံစေလျက်၊ စွမ်းအားရှင်လက်ရုံးတပ်ဖွဲ့ကို စစ်ရေးအမြင်ဖြင့် ကြိုတင် ဖွဲ့စည်းထားကာ၊ လိုအပ်သလို လက်စွမ်းပြစေပါသည်။ သူကိုယ်တိုင်နံပါတ်တုတ်ကို ကိုင်လျက် “ဟောဒီလို လက်ကို လွှဲပြီး ဖြတ်ရိုက်ရ မယ်။ ပြီးရင် လက်ပြန်တချက် ထပ်ရိုက်မယ်။ အားရှိသလောက်ရိုက်။ နာနာရိုက်၊ ဆက်တိုက်သာ ရိုက်။ အသားကုန် ရိုက်၊ မသေမချင်းရိုက်”ဟူသော သရုပ်ပြဟန်များမှာ ကျနော်၏အာရုံထဲတွင် ဗွီဒီယိုရိုက်ထားသကဲ့သို့ စွဲမြဲစွာ မှတ်မိနေပါသည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သည့် မြို့တော်ခန်းမရှေ့ လူအုပ်ကြီးအား အောင်မြင်စွာ နှိမ်နင်းခဲ့ပုံကို အကြောင်းပြုကာ ဝါးရင်းတုတ်မောင်ဒင်၊ လက်ပတ်နီမောင်ဒင်ဟူသော အမည်ကောင်း ဂုဏ်ပုဒ်တို့ တိုးလာပြန်ပါသည်။ ဆရာ့လက် စွမ်းကား၊ သမ္မတရုံးမှပင် မျက်လုံး မျက်ဆန်ပြူးရသည် အထိပင် ဖြစ်ပါ၏။

အဆိုပါ ရိုက်ပွဲအပေါ် ပုဂ္ဂလိကမီဒီယာအသီးသီးက ဆူညံစွာပြစ်တင် ရေးသားခဲ့ကြခြင်းအတွက်၊ သတင်းထောက်တဦးအား ရိုက်ပွဲအတွက် ၀န်ချတောင်းပန် မယောင်၊ သတင်းပေးမယောင် ဖြားယောင်းခေါ်ဆောင်စေကာ၊ လက်ရုံးတပ်ဖွဲ့ဝင်တို့ကို ထပ်မံ ဝိုင်းဝန်းရိုက်နှိပ်စေခြင်းဖြင့်၊ အကောင်းဆုံးသင်ခန်းစာပေးနိုင်ခဲ့သူမှာလည်း ကျနော်ဆရာ၏ သူမတူသော စွမ်ရည်ထူးပင် ဖြစ်ပါချေ သည်။

(ငါး)

ယခုရက်ပိုင်းများ၌ ကျနော်ဆရာသည်၊ မြေနီကုန်းဂုံးကျော်တံတားဖွင့်ပွဲတွင် ခရီးသည်များအား၊ လက်ဆောင် ပစ္စည်းများ အခမဲ့ပေးဝေနေပုံ၊ လမ်းဘေးရေမြောင်းထဲမှ အမှိုက်များကို ကိုယ်တိုင်လိုက်လံ ကောက်ယူနေပုံများ အား နေ့စဉ်ထုတ်သတင်းစာ၊ ဂျာနယ်နဲ့ ရုပ်မြင်သံကြားမီဒီယာအသီးသီးတွင်၊ ဝေဆာစွာတခမ်းတနား ဖော်ပြနေ ကြသည်ကို သင်တို့ သတိပြုမိကြလိမ့်ဟု ထင်ပါသည်။

သူ၏ဂိုက်ဆိုက်မှာ အများပြည်သူခရီးလမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန် ဂုံးကျော် တံတားကြီး တစင်း သူ့ကိုယ်ပိုင်ငွေကြေးဖြင့် စိုက်ထုတ်တည်ဆောက်ပေးလေဟန် ကွယ်လွန်သူ စင်ကာပူဝန်ကြီးချုပ်ကဲ့သို့ မြို့ရွာ သန့်ရှင်းလှပရေးကို ဂရုဓမ္မပြုတတ်သည့် အိုက်တင်တို့ကို မြင်တွေ့နိုင်ပါသည်။ ဤသည်ပင် ကျနော့်ဆရာ၏ရှေ့ရေးကို ကြိုတင်မျှော်မြင်နိုင်သော အရည်အသွေးကို အထင်အရှား ပြဆိုနေခြင်းပင် မဟုတ်တုံလော။

ကျနော့်ဆရာဖြစ်သူ၏ အရည်အချင်းအား သူ့ဦးရီးတော်နဲ့ တကွ ဇနီးသားသမီးများကပါ နှစ်ထောင်းအားရရှိကြ ပါသည်။ သူနဲ့ လက်ဝါးရိုက်ဖက် ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကလေး၊ ဝန်ကြီး၊ ဝန်ကလေး၊ မြို့ဝန်ကြီး၊ မြို့ဝန်ကလေးတို့က၊ အထူးအားကိုးကြပါသည်။ ထို့အတူ သူနဲ့ စီးပွားဖက်တရုတ်လူမျိုး လုပ်ငန်းရှင်ကြီးတို့သည်လည်း သူတို့၏ တာဏံလေဏံ မှီခို ပုန်းအောင်းလဲလျောင်းရာအဖြစ် လွန်စွာတန်ဖိုးထားကြပါ၏။

ထို့ပြင် တဝ ကျနော်အနေဖြင့်လည်း ဆရာသမား၏ ကောင်းမှုကြောင့် လှိုင်သာယာတွင် ပေ ၂၀၊ ပေ ၆၀ အကျယ် ကိုယ်ပိုင်သစ်သားအိမ်တလုံး ပိုင်ဆိုင်နိုင်ပြီး ဖြစ်လေရာ၊ ဆရာသမားအား၊ ဘယ်ခေတ်ဘယ်စနစ်တွင်မဆို၊ မိုးဆန်းပန်းကဲ့သို့ မညှိုးတမ်းလန်းစေချင်ပါ၏။

ဇမ္ဗူတလူဟု တင်စားအပ်သော ကျနော်၏ ဆရာသမားသည် သူ့အား ချစ်ခင်လေးစားကြသူများ၏ စူးရှသော မေတ္တာဓာတ်အရှိန်အစော် အာနုဘော်ကြောင့် ၂၀၁၅ ခုနှစ်လွန်ကာလများတွင်လည်း၊ ပန်းပန်လျက်ပါဟူသည့်ဘဝ မျိုးတွင် ဆက်လက် တည်မြဲ နိုင်ပါစေသတည်း။ ဘေးရန်ခပ်သိမ်းကင်းငြိမ်း၍ နှလုံးစိတ်ဝမ်း အေးချမ်းပါစေသတည်း။

(ပြီးပါပြီ)

မှတ်ချက်။။ မောင်ကပ္ပလီ၏ လက်စမ်းစာသည် တစုံတဦးအား အာဃာတတရားဖြင့် စောင်းပါးရိပ်ခြေ ထိုးနှက်ရာ ရောက်နေသည်ဟု စာဖတ်သူထင်မြင်သည်ရှိသော်၊ ဤစာ၏နိဒါန်းအစတွင် ဖော်ပြထားသည့် မိတ်ဆက်မှတ်ချက်ကို ပြန်လည်ဖတ်ရှုကြခြင်းဖြင့် သံသယကင်းကြစေလိုပါ၏။

DVB
Previous
Next Post »
Powered by Blogger.