ဖမ်းခွင့်မရှိသည့် ဝေလငါးမန်းကြီးကို ထော်လာဂျီပေါ်တင်ပြီး ဈေးထဲလှည့်ရောင်းသည့် တရုတ်တံငါသည်



တရုတ်နိုင်ငံမှ တံငါလှေဦးစီးမှူးတစ်ဦးသည် ဧရာမ ဝေလငါးမန်းကြီး တစ်ကောင်ကို ထော်လာဂျီပေါ်တင် ပြီး ဈေးတန်းထဲဝင်လာသည့် ဓာတ်ပုံများမှာ တရုတ် Social Media များတွင် လူပြောများသည့် ကိစ္စတစ် ခု ဖြစ်လာခဲ့သည်။

ချိုင်ချန်ဇူးသည် ငါးဖမ်းပိုက်ထဲသို့ ဧရာမ ငါးကြီးတစ်ကောင် ဝင်တိုးသည်ကို တွေ့ရှိပြီးနောက် အချိန်ပိုင်း မျှ ပျော်မြူးခွင့် ရခဲ့သော်လည်း လတ်တလောတွင်မူ အာဏာပိုင် အဖွဲ့အစည်း အချို့၏ စုံစမ်းမေးမြန်းမှုနှင့် ကြုံနေရပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝေလငါးမန်းများမှာ မျိုးသုဉ်းလုနီးပါး အခြေအနေမျိုး ဆိုက်ရောက်နေပြီး ဖမ်းဆီးခွင့် ပိတ်ပင်ထားခြင်းကြောင့် ဖြစ်သည်။


ချိုင်ကမူ မိမိသည် အဆိုပါ ဝေလငါးမန်းကြီးသည် ဥပဒေဖြင့် ကာကွယ်မှု ပေးထားသည့် မျိုးစိတ်တစ်ခုမှန်း မသိခဲ့ဟု ဆိုသည်။ ထို့ကြောင့်လည်း ထော်လာဂျီလေးပေါ် တင်ကာ ဈေးထဲသို့ မောင်းဝင်လာပြီး လှည့် ပတ် ရောင်းချနေခြင်း ဖြစ်သည်။ ထော်လာဂျီပေါ် ငါးကြီးတင်လာသည့် ဓာတ်ပုံများသည် တရုတ်၏ Twitter ဟု ညွှန်းဆိုလေ့ရှိသည့် Weibo ဝက်ဘ်ဆိုက်ပေါ်တွင် လူအများ ဖြန့်ဝေရင်း ရေပန်းစား လူကြိုက်များလာခဲ့ သည်။ ထို့နောက်တွင်မူ ချိုင်အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ မေးမြန်းစစ်ဆေးမှုနှင့် ကြုံခဲ့ ရခြင်း ဖြစ်သည်။

ချိုင်က ၎င်းနှင့် ငါးဖမ်းလှေပေါ်မှ လုပ်ဖော်ကိုင်ဖက်များသည် ပိုက်ကွန်များကို ဆွဲတင်လိုက်ချိန်တွင် ဧရာမ အပေါက်ကြီးကို စတင် သတိပြုမိခဲ့ကြောင်း ဆိုသည်။ “ကျွန်တော်တို့ ထင်တာတော့ အဲဒီ ဧရာမသတ္တဝါကြီး က ပိုက်ကို ဖောက်ပြီး ကျွန်တော်တို့ ဖမ်းမိထားတဲ့ ငါးလေးတွေကို ဝင်စားနေတာ ဖြစ်လိမ့်မယ်”ဟု ချိုင်က မှတ်ချက်ပြုခဲ့သည်။ ၎င်းက အဆိုပါ ဝေလငါးမန်းကြီးသည် ပိုက်ကွန်ထဲမှ လွတ်မြောက်ရေးအတွက် ခေတ္တမျှ အပြင်းအထန် ရုန်းကန်ခဲ့သေးသော်လည်း မကြာမီ သေဆုံးသွားကြောင်း ပြောကြားခဲ့သည်။


ချိုင်သည် ဖူရှန်းရှိ ရှန်ဇီးမြို့ ဈေးတန်းထဲတွင် ငါးတစ်ကောင်လုံးကို ယွမ်ငွေ(၁၀၀၀၀)နှင့် (၂၀၀၀၀) ကြား ဈေးနှုန်းဖြင့် လှည့်လည် ရောင်းချနေစဉ် ဖူရှန်းငါးလုပ်ငန်း ကြီးကြပ်ရေးဌာန တာဝန်ရှိသူများက ၎င်းထံ ရောက်ရှိလာခြင်း ဖြစ်သည်။ ဝေလငါးမန်းများသည် အကောင်ကြီးသော်လည်း ယဉ်ပါးပြီး ခုခံနိုင်စွမ်း နည်းပါးသော ငါးမန်းမျိုးစိတ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ငါးငယ်လေးများနှင့် ရေမှော်များကိုသာ စားသောက်လေ့ ရှိသည်။ တရုတ်နိုင်ငံတွင် ဝေလငါးမန်းများကို ဥပဒေဖြင့် ကာကွယ်ထားပြီး ရောင်းချခြင်း၊ ဝယ်ယူခြင်းတို့ကို ခွင့်မပြုချေ။

ကမ္ဘာပေါ်တွင် အကြီးဆုံး ငါးမျိုးစိတ်များအနက် အပါအဝင်ဖြစ်သည့် ဝေလငါးမန်းများသည် ပျမ်းမျှအားဖြင့် (၅.၅)မီတာနှင့် (၁၀)မီတာကြားမျှထိ အရွယ်အစား ကြီးထွားနိုင်သည်။ တရားဝင် အသိအမှတ် ပြုထားသည့် အကြီးဆုံး တွေ့ရှိဖူးသော ဝေလငါးမန်း၏ အရွယ်မှာ (၁၂.၆၅)မီတာ ဖြစ်ပြီး ပေါင်ချိန် (၄၇၀၀၀)လေးလံ သည်။ ကျောပေါ်တွင် အစက်အပြောက်များ ပါရှိသည့် ငါးကြီးများသည် သက်တမ်းနှစ်ပေါင်း (၁၀၀)မျှထိ အသက်ရှည်လေ့ ရှိသည်။ ချိုင်နှင့် လုပ်ဖော်ကိုင်ဖက်များ ဖမ်းမိသည့် ဝေလငါးမန်းမှာမူ မြီးကောင်ပေါက်အ ရွယ်မျှ ဖြစ်နိုင်ကြောင်း သိရှိရသည်။

7 day

Previous
Next Post »
Powered by Blogger.