မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM မိုဘိုင်းဖုန်းများ နိုင်ငံတကာသို့ သယ်ဆောင်အသုံးပြုနိုင်သည့် International Roaming Service ခွင့်ပြုပေးပြီးနောက် ယင်းဝန်ဆောင်မှုကို အသုံးပြုမည့် Post Paid စနစ်သုံးဖုန်းများသည် ကြိုတင်ငွေ ကျပ်ငါးသိန်းကို မိမိ၏ မိုဘိုင်းဖုန်း ဘီလ်တွင် ဖြည့်သွင်းရမည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ စနစ်ကို ဇူလိုင် ၂ ရက်တွင် စတင်ဖွင့်လှစ်အသုံးပြုခွင့်ပေးခဲ့ပြီး နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် အသုံးပြုနိုင် ပြီဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းဌာနမှ တာဝန်ရှိသူက “Post Paid ဖုန်းတွေကတော့ ဒီစနစ်ကို အသုံးပြုချင်ရင် ကြိုတင်ငွေငါးသိန်း ဖြည့်သွင်းထားရတယ်။ ကြိုတင်ငွေဖြည့်ကတ် (Prepaid) စနစ်သုံး ဖုန်ုးတွေကတော့ ကိုယ်အသုံးပြုချင်သလောက် ချင့်ချိန်ပြီး ငွေဖြည့်ကတ်နဲ့ ဖြည့်သွင်းထားလို့ရတယ်” ဟု ပြောသည်။
ပြည်တွင်းမှ မိုဘိုင်းဖုန်ုးကို ပြည်ပသို့ ယူဆောင်ကာ outbound roaming စနစ် ချိတ်ဆက်အသုံးပြုနိုင် သည့် နိုင်ငံ ၃၁ နိုင်ငံအထိရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးက ကြေငြာထားသည်။ ထို့ပြင် ပြည်ပနိုင်ငံ ၄၆ နိုင်ငံမှ မိုဘိုင်းဖုန်းများကို ပြည်တွင်းသို့ ယူဆောင်လာကာ Inbound Roaming စနစ်အသုံးပြုနိုင်မည် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က “Roaming ကတော့ ပြည်တွင်း မိုဘိုင်းဖုန်းခေါ်ဆိုခထက် ဈေးပိုများတယ်။ များသောအားဖြင့် စီးပွားရေးလုပ်ငန်းရှင် အများစုပဲ အသုံးပြုကြတာ များတယ်”ဟု ပြောသည်။
Roaming ဖုန်းခေါ်ဆိုခတွင် အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများသို့ ယူဆောင်ပြီး အသုံးပြုနိုင်ပြီး ရောက်ရှိ ရာနိုင်ငံအတွင်း ဖုန်းခေါ်ဆိုမှုမှာ တစ်မိနစ် ကျပ် ၁,၂၀၀၊ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆိုမှုမှာ တစ်မိနစ် ကျပ် ၃,၀၀၀၊ ရောက်ရာနိုင်ငံမှ အခြားနိုင်ငံသို့ (Third Country) ဖုန်းခေါ်ဆိုမှုမှာ တစ်မိနစ် ကျပ် ၄,၀၀၀နှင့် SMS ပေးပို့မှုအတွက် ကျပ် ၄၀၀ ကျသင့်မည် ဖြစ်သည်။
Roaming ဖုန်းခေါ်ဆိုမှုများ အသုံးပြုနိုင်မည်ဆိုပါက နိုင်ငံတကာသို့ သွားရောက်ရာတွင် ပြည်တွင်းရှိ မိမိမိုဘိုင်းဖုန်း နံပါတ်အတိုင်း ကိုင်ဆောင်အသုံးပြုနိုင်သည့်အတွက် အဆင်ပြေသွားမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အတွင်းရေးမှူး ဦးဇော်မင်းဦးက သုံးသပ်ပြောကြားသည်။
၎င်းက “Roaming စနစ် အသုံးပြုလို့ရတဲ့ ဟိုဘက်နိုင်ငံမှာလည်း ပြည်တွင်းက ကိုယ်ကိုင်ဆောင်တဲ့ ဖုန်းနံ ပါတ်အတိုင်း အသုံးပြုလို့ရတာပေါ့။ အရေးကြီးကိစ္စတွေအတွက် အလွယ်တကူဆက်သွယ်နိုင်တော့ အဆင်ပြေလာမှာပါ”ဟု ပြောသည်။
Mizzima
Sign up here with your email
ConversionConversion EmoticonEmoticon