ဂျာမနီနိုင်ငံ အနောက်ပိုင်းတွင် တိုက်လေယာဉ် တစ်စင်းနှင့် လီယာဂျက် လေယာဉ်တစ်စင်း လေထဲ၌ တိုက်မိရာ အနည်းဆုံးတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အသေးစား ခရီးသည်တင် လေယာဉ် အမျိုးအစားဖြစ်သည့် လီယာဂျက် လေယာဉ်ကို စစ်ဘက်၌လည်း အသုံးပြုနေပြီး လေတပ်မှ Eurofighter တိုက်လေယာဉ်နှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။
ဇွန်လ (၂၃)ရက်နေ့က လေကြောင်း မတော်တဆမှုတွင် Eurofighter လေယာဉ်မှူးသည် ကိုလုံးမြို့အနီးရှိ အခြေစိုက် စခန်းသို့ အောင်အောင်မြင်မြင် ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။ လီယာဂျက်မှာမူ အော့လ်စဘာ့ဂ်မြို့ အနီးရှိ သစ်တောအတွင်း ပျက်ကျခဲ့ပြီး အနီးတဝိုက် ဧရိယာများသို့လည်း အပျက်အစီးများ ပြန့်ကြဲနေခဲ့သည်။
လီယာဂျက် လေယာဉ်ပေါ်မှာ လူတစ်ဦး သေဆုံးကြောင်း ဂျာမန်သတင်းဌာနများက အတည်ပြု ဖော်ပြခဲ့ပြီး အခြားတစ်ဦး၏ အခြေအနေကိုမူ အတိအကျ မသိရသေးချေ။
Eurofighter နှစ်စင်းနှင့် လီယာဂျက် လေယာဉ်တို့သည် လေ့ကျင့်ရေး အစီအစဉ် တစ်ခုတွင် ပူးပေါင်းပျံသန်းနေစဉ် ယခုကဲ့သို့ မတော်တဆ ထိခိုက်ခဲ့ခြင်း ဖြစ်သည်။ Eurofighter လေယာဉ်သည် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့သော်လည်း လေယာဉ်မှူးများ၏ ကျွမ်းကျင်မှုကြောင့် ဘေးမသီ ရန်မခ ချောမောစွာ ဆင်းသက်နိုင်ခဲ့ကြောင်း လေတပ်ဗိုလ်မှူးကြီး အန်းဒရက်စ် ဟော့ပေး၏ အဆိုကို ကိုးကား၍ Bild သတင်းစာက ဖော်ပြသွားသည်။
7Day
Sign up here with your email
ConversionConversion EmoticonEmoticon