လူငယ် တပ်ကြပ်ကြီးတစ်ဦးက လုပ်ဖော်ကိုင်ဖက် စစ်သား(၅)ဦးကို ပစ်သတ်သွားသည့် ဖြစ်ရပ်မှာ တောင် ကိုရီးယား၏ စစ်မှုမထမ်းမနေရ စနစ်၌ အားနည်းချက်များ ရှိနေသည်ကို ပေါ်လွင်လာစေကြောင်း စိတ်ပညာ ဆိုင်ရာ အကြံပေး ပညာရှင် တစ်ဦးက ထောက်ပြ ပြောကြားခဲ့သည်။
သတင်းများက လင်မ်ဟုသာ အမည်ဖော်ပြသည့် အသက်(၂၂)နှစ်အရွယ် တပ်ကြပ်ကြီးသည် ဇွန်လ (၂၁)ရက်က မြောက်ကိုရီးယားနှင့် နယ်ခြားစစ်စခန်း တစ်ခုတွင် သေနတ်ဖြင့် ရမ်းကားပစ်ခတ်ပြီး လက်ပစ်ဗုံးနှင့် တိုက်ခိုက်ခဲ့ရာ (၅)ဦးသေပြီး (၇)ဦး ဒဏ်ရာရခဲ့သည်။ ၎င်းကို ဇွန်လ (၂၃)ရက်နေ့တွင် စစ်တပ်က လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။
လင်မ်၏ လုပ်ရပ်နှင့် ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ စေ့ဆော်သည့် အဓိက အကြောင်းရင်းကို မသိ ရသေးသော်လည်း စစ်ဘက်နှင့် နီးစပ်သူများက လင်မ်သည် စစ်မှုထမ်း ဘဝတွင် မပျော်ပိုက်ဘဲ စိတ် ဓာတ်ရေးရာ ပြဿနာများ ရှိနေခဲ့ဟန်တူကြောင်း မှတ်ချက်ပေးခဲ့ကြသည်။
တောင်ကိုရီးယားတွင် ကျန်းမာသန်စွမ်းသော အမျိုးသားတိုင်း အသက်(၁၈)နှစ်နှင့် (၃၅)နှစ်ကြားတွင် (၂)နှစ်ကြာ မဖြစ်မနေ စစ်မှုထမ်းရန် ဥပဒေ ပြဋ္ဌာန်းထားရာ ငယ်ရွယ်သော၊ အတွေ့အကြုံ နုနယ်သော လူသစ်တန်း စစ်သားလေးများ အနေဖြင့် ယင်းအခြေအနေတွင် စိတ်ပိုင်းဆိုင်ရာ ဖိအားများ ကြုံလာ ရနိုင်ကြောင်း Pyeongtaek တက္ကသိုလ်မှ စိတ်ပညာဆိုင်ရာ အကြံပေး ပါမောက္ခ ချာမြောင်ဟိုက ပြော ကြားခဲ့သည်။
“ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်ဘက်အတွေ့အကြုံ ဘာမှမရှိသေးတဲ့ လူငယ်လေးတွေအတွက် ရုတ်တရက် စစ်မှု ထမ်းလိုက်ရတဲ့အခါ ပတ်ဝန်းကျင်က ချက်ချင်းပြောင်းလဲသွားတယ်။ သူတို့ရဲ့ စိတ်ဆန္ဒနဲ့ လုံးဝဆန့်ကျင်ပြီး ဒီအခြေအနေမျိုးကို တွန်းပို့လိုက်တဲ့အခါ ပြင်းထန်တဲ့ ဖိအားတွေ ဖြစ်လာနိုင်တယ်လေ။ စိတ်ဓာတ်ရေး ရာအရ သူတို့ခုလို ကြုံတွေ့မှုတွေက အရမ်းအန္တရာယ်ကြီးတယ်”ဟု ပါမောက္ခချာက ပြောကြားခဲ့သည်။
တောင်ကိုရီးယား စစ်တပ်သည် စစ်သားများ၏ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များကို မြှင့်တင်လာ ခဲ့သော်လည်း လူသစ်တန်း စစ်သားလေးများအတွက် လုံလောက်မှု မရှိနိုင်ကြောင်းလည်း ဆိုသည်။ “စစ်တပ်က ကုသမှု အစီအမံတွေကို အဆင့်မြှင့်လိုက်ပေမယ့် ဝါရင့်စစ်မှုထမ်းတွေ အတွက်ပဲ ပိုပြီး သက်ရောက်မှုရှိတယ်။ လူသစ်တန်း စစ်သားလေးတွေ အတွက်တော့ ရုန်းကန်ရတဲ့ အခက်အခဲတွေ ရှိနေတုန်းပဲ”ဟုလည်း ချာက မှတ်ချက်ပြုခဲ့သည်။
တောင်ကိုရီးယားသည် (၁၉၅၀)ပြည့်နှစ်၊ ကိုရီးယားကျွန်းဆွယ် စစ်ပွဲ စတင်ပြီးကတည်းက အိမ်နီး ချင်း မြောက်ကိုရီးယားနှင့် တရားဝင် စစ်ပြေငြိမ်းမှု မရှိသေးရာ တစ်နည်းအားဖြင့် နှစ်နိုင်ငံကြား စစ်ဖြစ်နေဆဲ အခြေအနေတွင်သာ ရှိနေသည်။ ထို့ကြောင့်လည်း တောင်ကိုရီးယား အစိုးရက အရွယ်ရောက်သည့် အမျိုးသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။
7 day
Sign up here with your email
ConversionConversion EmoticonEmoticon